မန်စီးတီးအသင်းရဲ့ တောင်းဆိုမှုတွေ မြင့်မားနေတာကြောင့် ဘိုင်ယန်မြူးနစ်က ဒီနွေမှာ ဆာနေးကို ခေါ်ယူမှု အထမြောက်ဖို့ မသေချာကြောင်း ဘိုင်ယန်ဥက္ကဌ ဟိုးနက်စ် ၀န်ခံပြောကြားလိုက်ပါတယ်။

ပက်ဂွာဒီယိုလာက မန်စီးတီးဟာ နောက်ရာသီမှာ ပရီးမီးယားလိဂ်ပြိုင်ဘက်က လီဗာပူးတစ်သင်းတည်းတင် မဟုတ်ဘဲ အခြား အံ့ဖွယ် ပြိုင်ဘက်တွေလည်း ပေါ်ထွက်လာမယ်လို့ မှတ်ချက်ပေးလိုက်ပြီး လိဂ်မှာ အခြားအင်အားကြီး အသင်း ၅ သင်း ရှိနေသေးတယ်လို့ ပြောဆိုလိုက်ပါတယ်။

စီးတီးကွင်းလယ်ကစားသမား ဘာနာဒိုဆေးလ်ဗားက ၄င်းရဲ့ ပေါ်တူဂီဖွားတူ ဘင်ဖီကာအသင်းမှ လူငယ်တိုက်စစ်သမား ဖိလစ်အား ချီးကျူးမှုတွေ ပြုလုပ်သွားပြီး မှန်ကန်တဲ့ အသင်းရွေးချယ်မှု ပြုလုပ်ရန် တိုက်တွန်းသွားပါတယ်။ ဖိလစ်ကို မန်စီးတီးနဲ့ ယူနိုက်တက်တို့ အပြိုင် ကြိုးပမ်းနေကြတာပါ။

မန်စီးတီးအသင်း မန်နေဂျာ ပက် ဂွာဒီယိုလာက ၄င်းရဲ့ အသင်းဟောင်း ဘာစီလိုနာ နည်းပြ ဗယ်ဗာဒီ ဖိအားတွေအောက် ရောက်ကာ ထုတ်ပယ် ခံရမယ့် အရေး ရှိနေတာနဲ့ ပတ်သတ်ပြီး ဗယ်ဗာဒီဘက်က ကာကွယ် ပြောဆိုသွားပါတယ်။ ဗယ်ဗာဒီက ဘာစီလိုနာအတွက် အလုပ်ကောင်းတွေ လုပ်ပြထားသူပါလို့ ဂွာဒီယိုလာက ဆိုပါတယ်။

ဂျူဗင်တပ်အသင်းဟာ မန်စီးတီး ယူနိုက်တက်တို့နဲ့ ချိတ်ဆက်နေပြီး အသင်းကနေ ထွက်ခွာဖွယ် ရှိနေတဲ့ ကန်ဆယ်လို နေရာ အစားထိုးရန် စပါးခံစစ်မှူး ထရစ်ပီယာကို ခေါ်ယူရန် စိတ်ဝင်စားနေပါတယ်။

မန်စီးတီး ကွင်းလယ်ကစားသမား ဖာနန်ဒင်ဟိုက ဒီတလော မုဒိမ်းမှုနဲ့ ဝေဖန်စွပ်စွဲမှုတွေခံနေရတဲ့ နိုင်ငံအသင်းဖော် နေမာဘက်က ဘရာဇီး တစ်သင်းလုံး ရပ်တည်နေကြောင်း ထုတ်ဖော် ပြောကြား လိုက်ပါတယ်။ ထိုဖြစ်ရပ်နဲ့ ပတ်သတ်ပြီးလည်း နေမာက မဟုတ်မှန်ကြောင်း ငြင်းဆိုထားပါတယ်။

အင်္ဂလန်သား မန်စီးတီး ခံစစ်မှူး ဂျွန်စတုန်းက ၄င်းဟာ ဆုဖလားတွေကို စွဲလမ်းနေပြီ လို့ ထုတ်ဖော်ပြောဆိုလိုက်ပြီး ကလပ်အသင်းနဲ့အတူ ပြည်တွင်းဖလားများ အကုန်သိမ်းပိုက်ပြီးနောက် နိုင်ငံအသင်းနဲ့အတူ နေးရှင်းလိဂ်မှာ ဗိုလ်စွဲဖို့ပါ ပစ်မှတ်ထားနေပါတယ်။

မန်စီးတီးအသင်းနဲ့ လီဗာပူးတို့ဟာ လိုင်ယွန်တိုက်စစ်သမား နာဘေး ဖယ်ကီရာကို ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးစားလာပါတယ်။ အသက် ၂၅ နှစ်အရွယ် ကွင်းလယ်တိုက်စစ်သမားက ပြီးခဲ့တဲ့နွေကပဲ လီဗာပူးထံ ရောက်လုနီးပါး ဖြစ်ခဲ့သူပါ။

စီးတီးကွင်းလယ်သမား ဒေးဗစ်ဆေးလ်ဗားဟာ မန်စီးတီးနဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ထဲ ချင်းနင်းဝင်ရောက်လာပေမယ့် ဒီနွေမှာ အသင်းပြောင်းဖို့ အစီအစဉ် မရှိဘူးလို့ သိရပါတယ်။ အသက် ၃၃ နှစ်ရှိပြီ ဖြစ်တဲ့ စပိန်သားဟာ ၉ရာသီကြာ ရှိနေခဲ့တဲ့ မန်စီးတီးမှာ စာချုပ် ကုန်သည် အထိ နေသွားလိုနေပါတယ်။

မန်စီးတီးနဲ့ ယူနိုက်တက်တို့ အပြိုင်ကြိုးပမ်းနေတဲ့ လိုင်ယွန်ကွင်းလယ်ကစားသမား အမ် ဒွမ်ဘီလီက အနာဂတ်အတွက် ဘယ်အသင်းမှာ ရှိမလဲ ဆုံးဖြတ်ချက် မချရသေးကြောင်း ၀န်ခံ ပြောဆိုလိုက်ပြီး ချန်ပီယံလိဂ် ၀င်ခွင့်ရထားတဲ့ လက်ရှိကလပ်အသင်းမှာလည်း ဆက်နေဖွယ် ရှိကြောင်း ပြောကြားခဲ့ပါတယ်။

မန်ချက်စတာ အခြေစိုက် ကလပ်အသင်း နှစ်သင်း အပြိုင် စိတ်ဝင်စားနေတဲ့ ခံစစ်မှူး ဟယ်ရီ မက်ဂွဲယားအတွက် လက်စတာက တန်ကြေး ပေါင် သန်း ၉၀ သတ်မှတ်ပေးလိုက်ပြီး ဒိထက်လျော့နည်းရင် ရောင်းချမှာ မဟုတ်ကြောင်း အကြောင်းပြန်ထားပါတယ်။

ဟော်လန်လက်ရွေးစင် အသင်းနဲ့ ယူနိုက်တက်နည်ပြဟောင်း ဗန်ဟားလ်က အေဂျက်မှ ဟော်လန်သား ခံစစ်မှူး ဒီလစ်ကို မန်စီးတီးအသင်းထံ သွားဖို့ ထောက်ခံ အကြံပြုစကား ဆိုလိုက်ပါတယ်။

ပေါ်တိုအသင်းဟာ မန်စီးတီး ခံစစ်မှူး မန်ဂါလာကို ခေါ်ယူဖို့ စိတ်ဝင်စားမှု အဆုံးသတ်လိုက်ပြီ ဖြစ်ပါတယ်။ ဒူးဒဏ်ရာ ရထားပြီး နောက်ပိုင်း မန်စီးတီးအသင်းကြီးမှာ ပါဝင်ကစားခြင်း မရှိတော့တဲ့ ကစားသမားရဲ့ ကြံ့ခိုင်မှု အခြေအနေကို အားရမှု မရှိတာကြောင့် ပေါ်တိုဘက်က နောက်ဆုတ်လိုက်တာ ဖြစ်ပါတယ်။