မန်ယူအသင်းဟာ နောက်နှစ်မှာ ပရီးမီးယားလိဂ်နဲ့ ဆုဖလားတွေကို စိန်ခေါ်နိုင်ဖို့ ဆိုရင် ကမ္ဘာ့အဆင့်ရှိ ကစားသမားမျိုးတွေ ၀ယ်ယူ အင်အားဖြည့်ဖို့ လိုကြောင်း တိုက်စစ်မှူးဟောင်း ဆာဟာက အကြံပြုလိုက်ပါတယ်။

ယူနိုက်တက်ဟာ ဒီဂီယာ ထွက်ခွာရင် ဂိုးသမား အင်အားဖြည့် ခေါ်ယူဖို့ မီလန်ဂိုးသမား ဒွန်နာရာမာကို ပစ်မှတ်ထားနေပြီး ၄င်းရဲ့ အေးဂျင့် ဖြစ်သူ ရွိုင်းအိုလာကို ဆက်သွယ်ထားကြောင်း သိရပါတယ်။

နောက်ရာသီမှာဆိုရင် ပြောင်းရွှေ့ကြေး အလွတ်နဲ့ လက်လွှတ်ရတော့မှာ ဖြစ်တာကြောင့် မန်ချက်စတာယူနိုက်တက်က ဂိုးသမား ဒီဂီယာ အတွက် ပေါင် ၇၅ သန်းနဲ့ အထက်ဆို ရောင်းချမှာ ဖြစ်ပြီး အဲဒီလောက် ပမာဏ ကမ်းလှမ်းမှု မဟုတ်ရင် စဉ်းစားမှာ မဟုတ်ကြောင်း သိရပါတယ်။ ဒီဂီယာကို ပီအက်စ်ဂျီက ခေါ်ယူလိုနေတာပါ။

ယူနိုက်တက်ဟာ ပီအက်စ်ဂျီမှာ ပြောင်းရွှေ့ကြေး အလွတ်နဲ့ ထွက်ခွာလာမယ့် ကွင်းလယ်ကစားသမား ရာဘီရော့ကို တစ်ပတ် လုပ်ခ ပေါင် ၁၇၀၀၀၀ နဲ့ ကမ်းလှမ်းမှု ပြုလုပ်ထားပါတယ်။ ဒါ့အပြင် ယူနိုက်တက်က အသက် ၂၄ နှစ်အရွယ် ပြင်သစ်သားကို လက်မှတ်ထိုးကြေး ယူရို ၅သန်း (ပေါင် ၄.၄၃ သန်း) ကိုပါ ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ မန်ယူ ကြားဝင်ကြိုးပမ်းနေတဲ့ အေဂျက်ခံစစ်မှူး ဒီလစ်ကို ခေါ်ယူနိုင်ဦးမယ်လို့ မျှော်လင့်နေဆဲပါ။ မန်ယူနိုက်တက် အပြင် ပီအက်စ်ဂျီကလည်း ဘာစီလိုနာ ကမ်းလှမ်းမှုရဲ့ နှစ်ဆ ပေးပြီး ၀င်ရောက်လာဖို့ ပြင်ဆင်နေပါတယ်။

ယူနိုက်တက်နည်းပြဟောင်း ဂျို့စ် မော်ရင်ညိုက အသင်း ပစ်မှတ်ထားနေတဲ့ စပို့တင်းလစ္စဘွန်း ကွင်းလယ်ကစားသမား ဘရူနို ဖာနန်ဒက်စ် ရဲ့ ခြေစွမ်းကို အထင်ကြီး အံ့အားသင့်မိကြောင်း ချီးကျူးပြောဆိုခဲ့ပါတယ်။

မန်ယူနဲ့ လီဗာပူး တို့က ခေါ်ယူဖို့ စိတ်ဝင်စားနေတယ် ဆိုပေမယ့် အဲဗာတန်မှ ဘရာဇီးသား တိုက်စစ်သမား ရစ်ချာလီဆန်ကတော့ ဂွတ်ဒီဆင်ပါ့ခ်က မထွက်ခွာလိုပဲ အပြောင်းအရွှေ့ ကိစ္စများ မစဉ်းစားသေးဘူးလို့ ထုတ်ဖော် ပြောဆိုထားပါတယ်။

မန်ယူ တိုက်စစ်မှူးဟောင်း ဆာဟာက လက်ရှိ ကွင်းလယ်ကစားသမား ပေါ့ဘာအပေါ် ၀ိုင်းဝန်းဝေဖန်မှုများက မမျှတကြောင်း ပြောကြားပြီး ပေါ့ဘာဘက်မှ ကာကွယ် ပြောဆိုသွားပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ပေါ့ဘာကို ခေါ်ယူဖို့ ဘေးလ်ကို အလိုက်ပေး ကမ်းလှမ်းရန် စိတ်ဝင်စားနေပါတယ်။ ရီးရဲလ်က ပေါ့ဘာအတွက် ငွေသားချည်း သက်သက် မပေးချေလိုဘဲ ကစားသမား အလိုက်ထည့်ပေးလိုနေပြီး မန်ယူဘက်က ဘေးလ်ကို စိတ်ဝင်စားမှု သွေးအေးသွားတာတော့ ရှိနေပါတယ်။

မန်ယူနဲ့ မန်စီးတီး နှစ်သင်း အပြိုင် စိတ်ဝင်စားနေတဲ့ ခံစစ်မှူး ဟယ်ရီ မက်ဂွဲယားအတွက် လက်စတာက တန်ကြေး ပေါင် သန်း ၉၀ သတ်မှတ် ပေးလိုက်ပြီး ဒိထက်လျော့နည်းရင် ရောင်းချမှာ မဟုတ်ကြောင်း အကြောင်းပြန်ထားပါတယ်။