မန်ယူဟာ ပရီးမီးယားလိဂ် နဲ့ ဥရောပမှာ စိန်ခေါ်လိုတယ် ဆိုရင် ကမ္ဘာ့အဆင့်ကစားသမားတွေ ပိုပြီးလိုအပ်တယ်လို့ တိုက်စစ်သမားဟောင်း နာနီက အကြံပြု စကား ဆိုလိုက်ပါတယ်။

မန်ယူနဲ့ ပရီးမီးယားလိဂ်ဖလား လေးလုံးနဲ့ ချန်ပီယံလိဂ်တို့ကို ရရှိခဲ့တဲ့ နာနီက ” အတိတ်ကို အောင်မြင်မှုတွေကို ပြန်သတိရနေဆဲဆိုရင် ကောင်းကောင်းလုပ်နိုင်မှာ မဟုတ်ဘူး။ ကလပ်ကို ဖလားများစွာ အောင်မြင်အောင် လုပ်ပေးခဲ့တဲ့ နာမည်ကြီးတွေနဲ့ အရေးပါတဲ့ ကစားသမားတွေအားလုံးက ထွက်ခွာသွားကြပါပြီ။

မန်ယူကို အောင်မြင်စေခဲ့သူ အများစုက အသင်းနားမှာ ရှိနေဆဲဖြစ်ပေမယ့် နည်းပြနေတာ မဟုတ်သလို ကစားနေတာလဲ မဟုတ်ဘူး။ အခုလက်ရှိ လူတွေနဲ့ တောင့်တင်းတဲ့ အသင်းသစ်၊ ခိုင်မာတဲ့ စိတ်ဓာတ်အသစ်ကို တည်ဆောက်ဖို့ လိုအပ်တယ်။ အချိန်လိုအပ်တယ်။

ကျနော် ကလပ်ကို စောင့်ကြည့်နေတာ။ ရုန်းကန်နေရတာကိုမြင်ရတော့ ကလပ်အတွက်ရော ကစားသမားတွေအတွက်ပါ စိတ်မကောင်းဘူး။ အသင်းက ငယ်ရွယ်လွန်းပြီး အခြားသော ထိပ်တန်းအသင်းတွေနဲ့ ယှဉ်ပြိုင်နိုင်ဖို့ အတွေ့အကြုံရှိတဲ့ ထိပ်တန်းကစားသမားတွေ ခေါ်ယူဖို့ လိုအပ်ပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။

အခုချိန်မှာ အခြားသော အသင်းတွေကို မယှဉ်နိုင်ပေမယ့် ထိပ်တန်းကစားသမားတွေ ခေါ်ယူနိုင်ခဲ့ရင် တစ်ရာသီအတွင်း အရာအားလုံး ပြောင်းလဲနိုင်တယ်လို့လည်း သူကဆိုတယ်။

နာနီက “ မန်ယူနိုက်တက်ဟာ ကမ္ဘာ့အဆင့် ကစားသမားတွေ ပိုလိုအပ်တယ်။ ကွင်းတွင်းက စိတ်ဓာတ်ကိုလဲ ပြောင်းလဲရမယ်။ ဆာအဲလက်စ် ဖာဂူဆန်နဲ့တုန်းက အချိန်တွေကို ပြန်သတိရပါတယ်။

ပွဲများစွာကို ကျနော်တို့ ကောင်းကောင်းမကစားနိုင်ခဲ့ဘူး။ လှလှပပ မကစားနိုင်ခဲ့ဘူး။ ဒါပေမယ့် နောက်ဆုံး ၁၅ မိနစ်မှာ ကျနော်တို့က စိတ်ဓာတ်အပြည့်နဲ့ ကစားပြီး ဂိုးတွေသွင်းခဲ့တယ်။ ကျနော်တို့ ပြေးတယ်။ တိုက်ခိုက်တယ်။ ဒီလိုနည်းနဲ့ ကျနော်တို့ အောင်မြင်ခဲ့တာပါ။

မန်ယူအသင်းသားတွေ အနေနဲ့ ကွင်းထဲက တိုက်ပွဲတိုင်း၊ ဘောလုံးတိုင်း၊ စိန်ခေါ်မှုတိုင်းကို အောင်မြင်ဖို့ စိတ်ဓာတ်ပြင်းပြရမယ်။ ဘာကြောင့်လဲဆိုတော့ အဲ့လိုလုပ်မှ သူတို့တိုးတက်လာမှာပါ။ ” လို့ ပြောခဲ့ပါတယ်။