အေဂျက်ခံစစ်မှူး ဒီလစ်က သူ့ရဲ့ အနာဂတ်နဲ့ ပက်သက်ပြီး လာမယ့်ရက်ပိုင်းအတွက် အဆုံးအဖြတ်ပေါ်လာစေဖို့ မျှော်လင့်ထားကြောင်း အကြောင်းပြန်ထားပြီး ပုံမှန်ပွဲထွက်ခွင့်အတွက် အာမခံချက်ပေးနိုင်ရင် မန်ယူအသင်း ခေါ်ယူနိုင်ဖို့ အလားအလာ ရှိနေပါတယ်။

နယ်သာလန် ခံစစ်သမားဟာ ဘာစီလိုနာကို ပြောင်းရွှေ့မယ်လို့ သတင်းတွေ ထွက်ပေါ်ထားခဲ့ပေမယ့် အဆင်ပြေခြင်းမရှိ ဖြစ်နေခဲ့ကာ မန်ယူနဲ့လည်း ချိတ်ဆက်မှုတွေ ရှိလာခဲ့တာပါ။ မန်ယူဟာ ခံစစ်အတွက် အပြောင်းအလဲကြီးတွေ လုပ်လိုနေတာဖြစ်တယ်။

နယ်သာလန်သတင်းတွေကတော့ ရုပ်ပိုင်းဆိုင်ရာ အားပြုတဲ့ ပရီးမီးယားလိဂ်မှာ ၆ နှစ်လောက် ကစားပြီးမှ စပိန်ကို ပြောင်းဖို့ တိုက်တွန်းမှုတွေ ရှိလာခဲ့တယ်။ ဘာစီလိုနာကို ပြောင်းမယ်ဆိုရင် ပွဲထွက်လူစာရင်းမှာ နေရာချက်ခြင်းရမှာ မဟုတ်ပေမယ့် မန်ယူမှာတော့ ပုံမှန်ပွဲထွက်ခွင့် ရနိုင်တာဖြစ်တယ်။

ဒီလစ်က အဖြေပေးတာက “ မကြာခင် ရောက်လာတော့မယ့် အနာဂတ်ကို ကျနော် အရမ်း စိတ်လှုပ်ရှားနေပါတယ်။ ဒါပေမယ့် ကျနော် တည်တည်ငြိမ်ငြိမ် ရှိနေပါတယ်။ ဒါက စိန်ခေါ်မှုဖြစ်ပြီး အရေးကြီးဆုံး ကိစ္စလည်းဖြစ်တယ်။ ရွေးချယ်စရာတွေ အမျိုးမျိုးရှိနေပြီး အကောင်းဆုံး ဖြစ်မှာကို ကျနော် ရွေးချယ်သွားပါမယ် ” လို့ ဖြစ်ပါတယ်။

အပြောင်းအရွှေ့မှာ ဘယ်အသင်းကို ရောက်မလဲလို့ ဝေခွဲရခက်နေကြတဲ့ အနေအထားကိုတော့ ဒီလစ်ကပဲ အဆုံးသတ်ပေးမှာဖြစ်ပြီး ပုံမှန်ပွဲထွက်ခွင့်၊ မြင့်မားတဲ့ လုပ်ခလစာတွေ ပေးချေမယ့် မန်ယူကို ရောက်လာဖို့ကတော့ မျှော်လင့်နေရမှာဖြစ်ပါတယ်။