လီဗာပူးအသင်းရဲ့ မဲလ်ဝုဒ်လေ့ကျင့်ရေးကွင်းက ကန်တင်းလေးမှာ စားပွဲနှစ်လုံး ဘေးချင်းယှဉ်လျက်ရှိနေပါတယ်။ တစ်ဖက်စားပွဲမှာ ဆာလက်၊ ဟန်ဒါဆင်၊ နည်းပြ ဂျာဂင်ကလော့ပ်နဲ့ နည်းပြအချို့ နံနက်စာ စားသောက်နေကြပြီး နောက်စားပွဲတစ်လုံးမှာတော့ လီဗာပူးအသင်းမှာ ရာထူးအဆင့်၊ တာဝန်ဖော်ပြဖို့ ခက်ခဲတဲ့ လူတစ်စုထိုင်နေကြပါတယ်။

သူတို့ဟာ မီဒီယာတွေရဲ့ အလေးပေးဖော်ပြခြင်းခံရသူတွေလည်း မဟုတ်ပါဘူး။ သူတို့ထဲက အချို့ကတော့ ခြေလှမ်းကျဲကြီးတွေနဲ့ ရုံးခန်းထဲက ထွက်လာပြီး ကိုယ်တိုင်ယူစနစ်ကျင့်သုံးတဲ့ ကန်တင်းက အစားအသောက်နဲ့ ကော်ဖီတွေယူပြီး မဲလ်ဝုဒ်လေ့ကျင့်ရေးကွင်းထဲက ရုံးခန်းထဲ ပြန်ဝင်သွားကြပါတယ်။

တကယ်တော့ အဲဒီလူတွေဟာ လီဗာပူးအသင်းရဲ့ အောင်မြင်မှုကို ရယူပေးခဲ့ကြတဲ့ အဓိကစွမ်းဆောင်သူတွေဖြစ်ပါတယ်။ သူတို့က အသေးစိတ် အချက်အလက်တွေ ဒေတာတွေနဲ့ တွက်ချက်မှုတွေကို အဓိက လုပ်ဆောင်ပေးကြတဲ့ နောက်ကွယ်က အံ့ဖွယ်သုတေသီတွေပါ။ သူတို့ တစ်ဦးချင်းစီရဲ့ အချက်အလက်၊ စူးစမ်းလေ့လာမှု၊ သီအိုရီတွေ မပါဘဲနဲ့တော့ လီဗာပူးအသင်း အခုလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၆ ကြိမ်မြောက် ဗိုလ်စွဲမှာမဟုတ်ပါဘူး။

သုတေသီအဖွဲ့ကို ဦးဆောင်သူကတော့ လီဗာပူးအသင်းရဲ့ သုသေတနလုပ်ငန်း ဒါရိုက်တာ အီရန်ဂရေဟမ်ဖြစ်ပြီး သူဟာ လီဗာပူး အသင်း နည်ပြအဖြစ် ဂျာဂင်ကလော့ပ်ကို ခန့်အပ်ဖို့ လမ်းညွှန်းခဲ့သူလည်းဖြစ်ပါတယ်။

အီရန်ဂရေဟမ်ဟာ 2014-15 ဘောလုံးရာသီမှာ တန်းဆင်းဇုန်ထဲ အထိ ရောက်သွားတဲ့ ဒေါ့မွန်အသင်းရဲ့ပွဲတွေကို မကြည့်ဘဲ အသေးစိတ် အချက်အလက်တွေကို ဆန်းစစ်လေ့လာမှုပြုလုပ်ပြီးတဲ့နောက်မှာ ဂျာဂင်ကလော့ပ်ကို ခေါ်ဖို့ တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

နည်းပြ ဘရန်ဒန်ရော်ဂျာကို ရာထူးက ထုတ်ပယ်ပြီးချိန်မှာ လီဗာပူးအသင်းအတွက် အသင့်တော်ဆုံးနည်းပြဟာ ဂျာဂင်ကလော့ပ်သာဖြစ်တယ်လို့ အီရန်ဂရေဟမ်က ယုံကြည်ခဲ့တာပါ။ ဒေါ့မွန်အသင်းနဲ့ လမ်းခွဲခဲ့တဲ့ ကလော့ပ်ဟာ 2015 တစ်နှစ်လုံး နည်ပြဘ၀ကနေ အနားယူနေခဲ့ပြီး လီဗာပူးအသင်းကလည်း ကလော့ပ် အဆင်သင့်ဖြစ်တဲ့အထိ စောင့်ဆိုင်းပြီးမှ ခေါ်ယူခန့်အပ်ခဲ့တာပဲဖြစ်ပါတယ်။

တင်ဝက်စ်ကတ်ဆိုသူကတော့ ဂရေဟမ်နဲ့ အလုပ်တွဲလုပ်သူဖြစ်ပြီး သူက ဘောလုံးပွဲခြေစွမ်းအချက်အလက်တွေကို ဆန်းစစ် လေ့လာသူ မဖြစ်ခင်က ဂြိုဟ်နက္ခတ်တွေရဲ့ ရူပဗေဒနဲ့ ဓါတုဗေဒဆိုင်ရာ လေ့လာသူဖြစ်ပါတယ်။ အီရန်ဂရေဟမ်ရဲ့ သုတေသနဌာနမှာ ဒါဖီစတီးလ် ဆိုသူလည်း ရှိပါတယ်။

သူက ကမ္ဘာ့ဂျူနီယာစစ်တုရင်ချန်ပီယံဟောင်းတစ်ဦးဖြစ်ပြီး သင်္ချာဘာသာအထူးပြုဘာသာရပ်ကို လေ့လာခဲ့သူဖြစ်ပါတယ်။ လီဗာပူးအသင်းရဲ့ သုတေသနဌာနမှာ အထက်မြက်ဆုံးနဲ့ အရေးအပါဆုံပုဂ္ဂိုလ်ကတော့ ၀ီလ်စပီယားဖြစ်ပါတယ်။ သူကတော့ ဟားဗက်စ် တက္ကသိုလ်ကနေ စွမ်းအားမြင့် ရူပဗေဒဆိုင်ရာ ပညာရပ်ကို လေ့လာဆည်းပူးခဲ့သူဖြစ်ပါတယ်။

အဲဒီလူတွေအားလုံးဟာ လက်ပ်တော့လူသားတွေလို့ ထင်ရှားပြီး လီဗာပူးအသင်းရဲ့ သုတေသနဌာမှာ နှစ်ပေါင်းများစွာ ဘောလုံးပွဲတွေရဲ့ ရူပဗေဒဆိုင်ရာ အချက်အလက်တွေကို မိနစ်၊ စက္ကန့်အလိုက် ရှာဖွေစူးစမ်းနေကြသူတွေဖြစ်ပြီး တစ်နည်းအားဖြင့်တော့ လီဗာပူးအသင်းပွဲတိုင်းမှာ အားသာချက်တွေရရှိစေမယ့် အချက်အလက်တွေကို ရှာဖွေပေးနေသူတွေဖြစ်ပါတယ်။ သူတို့အားလုံးကို လမ်းညွှန်မှုပေးနေတာက အသင်းရဲ့ အားကစားဒါရိုက်တာ မိုက်ကယ်အက်ဒ်ဝပ်ဖြစ်ပါတယ်။

အီရန်ဂရေဟမ်ရဲ့ စူးစမ်းလေ့လာမှုသုတေသနအဖွဲ့ဟာ ကစားသမားတစ်ယောက်ချင်းစီရဲ့ အချက်အလက်တွေကို သိမ်းဆည်းလေ့လာပြီး မိနစ်အလိုက်ဘောလုံးပေးပို့မှုအကြိမ်အရေအတွက်၊ ဂိုးကန်သွင်းယူမှု၊ ဂိုးကန်ချက်ပြင်းအားတွေကို တွက်ချက်ပြီး ဘယ်ကစားသမားကတော့ဖြင့် ဒီပွဲမှာ ဂိုးသွင်းနိုင်ခြေပိုများတယ်ဆိုတာကို အဖြေထုတ်ပေးရတာပဲဖြစ်ပါတယ်။ ကွင်းလယ်လူကီတာကို ခေါ်ယူခဲ့တဲ့ အကြောင်းရင်းကလည်း သုတေသနအဖွဲ့ရဲ့ ရှာဖွေတွေ့ရှိမှုအရ လိုအပ်လို့ခေါ်ယူခဲ့ရတာပဲဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ အရင်က အပြောင်းအရွှေ့ ပေါ်လစီကို ကစားသမားတစ်ယောက်ရဲ့ စွမ်းဆောင်ရည်အချက်အလက်နဲ့ ပြောင်းရွှေ့ကြေး အပေါ် အခြေခံပြီး ကျင့်သုံးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် 2014 ခုနှစ်က ဘာလော့တယ်လီကို အဲဒီအချက်အလက်တွေကြောင့် ပြောင်းရွှေ့ကြေး ပေါင် 16 သန်းနဲ့ဝယ်ယူခဲ့တာဟာ လုံးဝမှားယွင်းသွားခဲ့ရပါတယ်။

Fenway ကုမ္ပဏီလက်အောက်မှာတော့ လီဗာပူးအသင်းဟာ သုတေသနဌာနက ပေးပို့တဲ့အသေးစိတ်အချက်အလက်တွေကို ကြည့်ပြီး ကစားသမား ခေါ်ယူခဲ့ရာမှာတော့ အောင်မြင်မှုတွေရရှိလာခဲ့ပါတယ်။ အီရန်ဂရေဟမ်ရဲ့ သုတေသနဌာနက ရှာဖွေပေးတဲ့အချက်အလက်တွေနဲ့ ခေါ်ယူခဲ့တဲ့ ကစားသမားတွေထဲမှာ ကီတာ၊ ဆာလက်၊ ဂိုးသမားအလစ်ဆန်၊ နောက်ခံလူဗန်ဒိုက်တို့ပါဝင်ခဲ့ပြီး အဲဒီကစားသမားတွေဟာ အခု လီဗာပူးအသင်းရဲ့ ချန်ပီယံလိဂ်အောင်မြင်မှုမှာ အဓိက ကျတဲ့ နေရာကနေ ပါဝင်ပတ်သက်နေတာကိုတွေ့ရပါတယ်။

လီဗာပူးအသင်းရဲ့ အောင်မြင်မှုမှာ ဒေါက်တိုင်တစ်ခုလို အထောက်အပံ့ကောင်းတွေဖြစ်ခဲ့သူတွေရှိပါသေးတယ်။ အဲဒါကတော့ The Eye လို့ နာမည်ကြီးတဲ့ မိန့်လက်ထောက်နည်းပြဟောင်း ပီတာကရာဝှစ်ဖြစ်ပါတယ်။ သူက ကစားသမားတွေကို ခေါ်ယူရာမှာ ထက်မြက်တဲ့ အတွေးအမြင် ရှိပြီး ကလော့ပ်ရဲ့ ငယ်သူငယ်ချင်းလည်းဖြစ်ပါတယ်။

သူတို့အားလုံးဟာ လီဗာပူးအသင်းရဲ့ အောင်မြင်မှုမှာ ရှေ့ဆုံးက မပါဝင်ခဲ့ပေမယ့် အနောက်ကနေ အကောင်းဆုံး စွမ်းဆောင်ပေးခဲ့ကြသူတွေ ဆိုတာကိုတော့ ငြင်းလို့မရပါဘူး။ ပရီးမီးယားလိဂ်မှာ ချန်ပီယံအသင်းကို အနီးဆုံးအနေအထားကနေ ဖိအားပေးနိုင်ခဲ့တဲ့ အနေအထားက လီဗာပူးအသင်း ဘယ်လောက်ကောင်းမွန်ခဲ့တယ်ဆိုတဲ့ သက်သေတစ်ခုပါပဲ။ ဒါကြောင့် လီဗာပူးအသင်းရဲ့ အောင်မြင်မှုကို ပြောတိုင်း နောက်ကွယ်က သုတေသီ လူသားတွေရဲ့ စွမ်းဆောင်ရည်ကို ချန်ထားလို့မရကြောင်း ဖော်ပြလိုက်ရပါတယ်။

မူရင်း နယူးယောက်ခ်တိုင်း သတင်းစာက ဖြစ်ပါတယ်။ 90 Minutes က ပြန်လည် ဘာသာပြန်ရေးသားထားပါတယ်။