မနှစ်ကရာသီမှာ လီဗာပူးအသင်းရဲ့ အဓိက ကစားသမားတွေထဲ တစ်ဦး အပါအဝင် ဖြစ်ခဲ့တဲ့ အသင်းခေါင်းဆောင် ဟန်ဒါဆန်ဟာ ဒီရာသီမှာလည်း ရာသီကြို ပထမဆုံး နေ့တည်းက အသင်းနဲ့ ပြန်ပူးပေါင်းခဲ့ပါတယ်။

မနှစ်က ပြိုင်ပွဲစုံ ၆၃ ပွဲထိ ကစားခဲ့ရတဲ့ လီဗာပူး ပွဲစဉ်တွေမှာ ဟန်ဒါဆန်က ပွဲပေါင်း ၅၇ ပွဲထိ ပါဝင်ခဲ့သူပါ။ သူဟာ မနှစ်ကရာသီမှာ အသင်းရဲ့ ပွဲထွက် အများဆုံး ကစားသမားလည်းဖြစ်ပါတယ်။ သူလွဲခဲ့တဲ့ ပွဲစဉ် ၆ ပွဲထဲက ၂ ပွဲဟာ ပြည်တွင်းဖလားပွဲစဉ်ငယ် နှစ်ခုဖြစ်ကာ နောက် ၁ ပွဲက ဒီဇင်ဘာမှာ အေစီမီလန်နဲ့ ယှဉ်ပြိုင်တဲ့ပွဲဖြစ်ပါတယ်။

၂၀၂၀ ယူရိုကို ပါဝင်ခြင်းနဲ့အတူ အနားရထားတာကြောင့် လိဂ်အဖွင့်ပွဲ နော်ဝစ်ချ်နဲ့ အဖွင့်ပွဲကို လွဲချော်ခဲ့သေးပြီး တုပ်ကွေးကြောင့် ဒီဇင်ဘာမှာ ယှဉ်ပြိုင်ရတဲ့ စပါးနဲ့ပွဲ၊ နောက်ကျော ဒဏ်ရာကြောင့် ဖေဖော်ဝါရီမှာ လက်စတာနဲ့ ယှဉ်ပြိုင်ရတဲ့ပွဲတွေကို လွဲချော်ခဲ့ပါတယ်။

ဒီနွေမှာပဲ အသက် ၃၂ နှစ်ပြည့်ခဲ့ ဟန်ဒါဆန်ဟာ ကွင်းတွင်း ပွဲစဉ်တွေမှာ မနှစ်ကလောက် ပါဝင်ခွင့်ရမယ် အာမခံချက် ရှိနေမှာ မဟုတ်ပါဘူး။

ဒါပေမယ့်လို့ လီဗာပူးအသင်း ကွင်းလယ်လူသစ် မခေါ်ယူမှု၊ ရာသီကြိုကို စောရောက်နေမှု၊ ဘယ်လင်ဟမ်ကို အဓိက စည်းရုံပေးသူလို့ နာမည်ထွက်နေမှုနဲ့ လူငယ် ကွင်းလယ်လူတွေ ပိုများလာမှုအရ ဟန်ဒါဆန်ရဲ့ တာဝန်ဟာ ကွင်းတွင်း ပွဲထွက်ကစားပေးဖို့တင် မဟုတ်ဘဲ အဝတ်လဲခန်းတွင်း ဦးဆောင်မှုတွေ ပိုမို ပါဝင်လာဖွယ် ရှိနေပါတယ်။

ဟန်ဒါဆန်က ခေါင်းဆောင်မှုကောင်းသူဖြစ်ပြီး နာမည်ကျော် အကယ်ဒမီထွက်ဖြစ်တဲ့ ထရန့်ကို သူ့ရဲ့ ပုံစံအတိုင်း ကွင်းပြင်ပမှာ ပုံရိပ်ဆိုး လုံးဝ မရှိအောင် တွဲခေါ်လာခဲ့သူဖြစ်တယ်။ ငယ်ရွယ်ပြီး အောင်မြင်မှု ကြီးမားတဲ့ ထရန့်ဟာ ဟန်ဒါဆန် လမ်းညွှန်မှုအောက်မှာ ပလွှာမှုကင်းသူအဖြစ် အရွယ်ရောက်လာခဲ့တယ်။

တချိန်က လီဗာပူးတစ်သင်းလုံးမှာ အလှောင်ပြောင်ခံရဆုံး အသင်းသားဖြစ်ခဲ့တာကြောင့် သူဟာ ပြင်ပဖိအားတွေနဲ့ ဝေဖန်မှုတွေကို ကိုင်တွယ်ရမယ့် ပုံစံတွေကို နားလည်သူဖြစ်တယ်။ ဒါကြောင့်လည်း ခက်ခဲမှုတွေ ရင်ဆိုင်နေရတဲ့ လူငယ်ကစားသမားတွေနဲ့ အသင်းဖော်တွေကို ဦးဆောင်ပေးမှုမှာ အကူအညီကြီး ဖြစ်ခဲ့ပါတယ်။

ကာဗယ်ရို၊ နူးညက်စ်တို့ ရောက်လာခြင်းမှာ ယာဂင်ကလော့ပ်က ၄-၂-၃-၁ ကစားကွက်ကို မိတ်ဆက်မယ်လို့ ပိုမို သတင်းကြီးလာနေတာနဲ့အတူ ဟန်ဒါဆန်ရဲ့ ကွင်းတွင်း တာဝန်ကလည်း အပြောင်းအလဲ ရှိလာနိုင်ပါတယ်။

လက်ရှိ စီနီယာကွင်းလယ်လူ ၉ ဦးထဲမှာ ကွင်းလယ်ခံစစ်သမားက ဖာဘင်ညို တစ်ဦးတည်း ရှိနေတာဖြစ်ပြီး သူ့နေရာကို အစားဝင်ပေးမယ့်လို့ မျှော်ကြည့်စရာက ဟန်ဒါဆန် တစ်ဦးတည်း ရှိနေတာပါ။

ဟန်ဒါဆန်ဟာ သူ့ရဲ့ အန်ဖီးကစားသမားဘဝမှာ ကွင်းလယ် ခံစစ်သမားနေရာက ၅၇ ကြိမ် ကစားခဲ့ဖူးပြီး ၂၀၁၆-၂၀၁၇ နဲ့ ၂၀၁၇-၂၀၁၈ ဘောလုံးရာသီ နှစ်ခုအတွင်း ကစားခဲ့တာဖြစ်ပါတယ်။ သူဟာ နံပါတ် ၈ နေရာကနေ နံပါတ် ၆ နေရာကို ပြောင်းကစားခဲ့တဲ့ စတီဗင်ဂျရတ်နဲ့လည်း ကာလအတန်ကြာ တွဲကစားဖူးသူဖြစ်ပါတယ်။

လီဗာပူးပရိသတ်တွေကြား ပေါ်ပြူလာ ကစားသမားစာရင်းထဲ မပါဝင်တဲ့ ဟန်ဒါဆန်ဟာ အသင်းသားတွေအပေါ် လွှမ်းမိုးမှုကြီးမားပြီး နည်းပြအဖွဲ့ရဲ့ နှစ်သက်ခြင်းကို ခံရသူဖြစ်တယ်။ လီဗာပူးနည်းပြဘဝ ၇ နှစ်ကျော်ကာလမှာ ကလော့ပ်စိတ်ကြိုက် အသင်းသားဖြစ်ထားတဲ့ ဟန်ဒါဆန်ဟာ နည်းစနစ် အပြောင်းအလဲတိုင်းမှာ အမြဲ ပါဝင်ခဲ့သူဖြစ်ပါတယ်။

ဖာဘင်ညို ရောက်လာတဲ့နောက် ဟန်ဒါဆန်ဟာ ခံစစ်ကို ကူညီမှု ပိုနည်းပြီး တိုက်စစ်ကို ပိုမို လိုက်ပါခွင့်ရတဲ့ နံပါတ် ၈ နေရာကို ပြောင်းကစားလာခဲ့တယ်။ သို့ပေမယ့် ဟန်ဒါဆန် ကိုယ်တိုင်က နံပါတ် ၈ နေရာကို ကစားရတာကို ပိုသဘောကျတယ်လို့ ဆိုထားခဲ့ပါတယ်။

မနှစ်ကရာသီမှာ ဖာဘင်ညို၊ သီယာဂိုနဲ့ ဟန်ဒါဆန်က အဓိက ကွင်းလယ်အတွဲဖြစ်ခဲ့ပေမယ့် ရာသီသစ်မှာ အဲ့လိုဖြစ်လာဖွယ် မရှိတော့ပါဘူး။ သူတို့ ၃ ဦးထဲက ၂ ဦးကိုပဲ ပွဲထွက်မှာ အသုံးပြုကာ ကိတ်တာ၊ ဟာဗေး၊ ဂျုံးနဲ့ ကာဗယ်ရိုတို့ထဲက တစ်ဦးက လက်ကျန် ကွင်းလယ်လူ တစ်နေရာကို ဝင်ယူဖွယ် ရှိနေပါတယ်။

မနှစ်ကရာသီမှာ လီဗာပူးခံစစ်အတွက် မာတစ်က ပရီးမီးယားလိဂ်ပွဲတွေမှာ ဦးစားပေး ကစားရပြီး ကိုနတေးက ပြည်တွင်းနဲ့ ဥရောပ ဖလားပွဲတွေမှာ အဓိက ကစားခြင်းနဲ့အတူ ဗဟိုခံစစ်မှူးတွေရဲ့ ကြံ့ခိုင်မှုကို ထိန်းသိမ်းခဲ့ပါတယ်။

ရာသီသစ်မှာလည်း ဟန်ဒါဆန်၊ ဖာဘင်ညို၊ သီယာဂိုတို့ရဲ့ ပွဲကစားခွင့်ကို အကန့်အသတ်တွေ လျော့ချပြီး လူငယ်တွေကို ပိုမို နေရာပေးခြင်းနဲ့အတူ ကွင်းလယ်လူတွေရဲ့ ဒဏ်ရာ ပြဿနာတွေကို လျော့ချဖွယ်ရှိတယ်။

ဒါကြောင့်လည်း ရာသီကြိုကို ဟန်ဒါဆန် ခပ်စောစောတည်းက ရောက်နေပြီး ကာဗယ်ရို၊ ဂျုံး၊ အယ်လီးယော့တို့နဲ့ အတူရှိနေတာလို့ တွက်ဆရပါတယ်။ အထူးသဖြင့် စီနီယာအသင်းမှာ ၂ နှစ်ခွဲကြာ ရှိနေတဲ့ ကားတစ်ဂျုံးကို နည်းပြကလော့ပ်က အတော်လေး မျှော်လင့်ထားတယ်လို့ သိထားရပါတယ်။