မန်ချက်စတာ ယူနိုက်တက်ဟာ ယခုနွေရာသီအတွင်း လက်စတာကွင်းလယ်လူ ဂျိမ်းစ်မက်ဒီဆင်ကို ခေါ်ယူဖို့ အခြေအနေကောင်းလာတယ်လို့ သိရပါတယ်။

မန်ယူအသင်းဟာ အသင်းက ထွက်ခွာသွားတဲ့ ဟာရဲရားနေရာ အစားထိုးဖို့ အသက် ၂၂နှစ်အရွယ်ရှိ မက်ဒီဆင်ကို ဦးစားပေး ပစ်မှတ် အသစ်အဖြစ် ခေါ်ယူဖို့ ကြိုးစားလာတာဖြစ်ပြီး ပေါင်သန်း ၆၀ လောက် သုံးစွဲရဖွယ်ရှိနေကြောင်း သိရပါတယ်။

မက်ဒီဆင်ကို ခေါ်ယူဖို့ အသင်းအမျာအပြားက စိတ်ဝင်စားနေပေမယ့် မန်ယူက လက်ဦးမှုရရှိအောင်လို့ ကြိုးစားနေပြီး အခုလည်း ကစားသမား အေးဂျင့်တွေဆီ ဆက်သွယ်ချဉ်းကပ်ကာ အပြောင်းအရွှေ့ဖြစ်ပေါ်လာဖို့ ဆောင်ရွက်နေပါတယ်။ မက်ဒီဆင်က ပြီးခဲ့တဲ့ရာသီက လက်စတာ အသင်းနဲ့ အတူ ခြေစွမ်းပြနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ ၇ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၇ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

အင်္ဂလန်သား ကွင်းလယ်ကစားသမား မက်ဒီဆင်ဟာ ပြီးခဲ့တဲ့ရာသီအပြောင်းအရွှေ့ကမှ လက်စတာအသင်းကို နော့ဝစ်ခ်ျအသင်းထံကနေ မာရက်ဇ်ရဲ့နေရာအတွက် အစားဝင်ဖို့ ရောက်ရှိလာခဲ့သူပါ။

ဒါပေမယ့် မက်ဒီဆင်ဟာ အသင်းသစ်မှာ လျင်လျင်မြန်မြန် အထိုင်ကျခဲ့ပြီး လက်စတာအသင်းရဲ့ အဓိက ကွင်းလယ်ကစားသမားဖြစ်လာခဲ့သလို ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးခေါ်ယူမှုတွေထဲက တစ်ခုအဖြစ် မှတ်တမ်းဝင်ထားခဲ့သလို နည်းပြဆောက်ဂိတ်ရဲ့အင်္ဂလန်အသင်းမှာလည်း ရွေးချယ်ခြင်း ခံခဲ့ရပါတယ်။

မက်ဒီဆင်ကို ခေါ်ယူဖို့ စီးတီး၊ လီဗာပူးနဲ့ စပါးတို့ကလည်း စိတ်ဝင်စားနေပေမယ့် မန်ယူက လက်ဦးမှုရယူကာ သူ့ရဲ့ကိုယ်စားလှယ်တွေနဲ့ စကားပြောဆို ဆွေးနွေးနေတာဖြစ်ပြီး မန်ယူနည်းပြ ဆိုးလ်ရှားနဲ့ အမှုဆောင်အရာရှိချုပ် အက်ဝုဒ်ဝါ့ဒ်တို့က အသင်းမှာ ဗြိတိန် ကစားသမား ပိုများလာဖို့ ဆန္ဒရှိနေတာကလည်း မက်ဒီဆင်ကို အလေးအနက် ကြိုးစားလာရခြင်း အကြောင်းထဲ ပါဝင်ပါတယ်။

မန်ယူက ကနဦးအနေနဲ့ ပြောင်းရွှေ့ကြေး ပေါင်၆၀သန်းခန့်နဲ့ စတင် ကမ်းလှမ်းဖို့ရှိ နေတယ်လို့ သိရပြီး အမြင့်ဆုံးအနေနဲ့ လက်စတာအသင်းကို ပြောင်းရွှေ့ကြေး ပေါင်၇၀သန်း အထိ ပေးချေဖို့အသင့်ရှိနေပြီး မက်ဒီဆင်ကိုလည်း တစ်ပတ်လုပ်ခ ပေါင် ၁သိန်းခွဲပေးချေဖို့ စဉ်းစားထားပါတယ်။