မန်ယူ တိုက်စစ်မှူး လူကာကူဟာ ဒီအပြောင်းအရွှေ့မှာတင် အသင်းကနေ ထွက်ခွာဖို့ ရာခိုင်နှုန်းများနေပြီး ၄င်းကို ချဲလ်ဆီးနည်းပြ ဘ၀ကတည်းက ခေါ်ယူဖို့ ကြိုးစားခဲ့တဲ့ ကွန်တီက အခု အင်တာမီလန်နည်းပြ ဖြစ်လာပြီးနောက် ခေါ်ယူဖို့ ထပ်မံကြိုးစားနေပါတယ်။

ပြီးခဲ့တဲ့ရာသီက မန်ယူအသင်းအတွက် လူကာကူ ထက်စာရင် ရက်ရှ်ဖို့ဒ်က ဦးစားပေးတိုက်စစ်မှူးအဖြစ် ပွဲထွက်ခွင့်ပိုမိုရရှိခဲ့ပြီး လူကာကူကလည်း ၃၃ ပွဲ မှာ ၁၀ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဒီတော့ လူကာကူရဲ့နေရာမှာ အစားထိုးဖို့ ဘယ်သူ့ကို ခေါ်သင့်လဲဆိုတဲ့မေးခွန်းက ထွက်ပေါ်လာခဲ့ပြီး talkSPORT ၀က်ဘ်ဆိုက်ဒ်က ဖြစ်နိုင်ခြေရှိတဲ့ပစ်မှတ်တွေကို သုံးသပ်ထားခဲ့ရာ ပြန်လည် ဖော်ပြပေးလိုကပါတယ်။

နီကိုလပ်စ်ပီပီ(လိုင်လီ)

မန်ယူဟာ လူကာကူရဲ့နေရာမှာ အစားထိုးဖို့ ပီပီကို မျက်စိကျနေတယ်လို့ သိရပါတယ်။ အသက် ၂၃နှစ်အရွယ်ရှိ တောင်ပံကစားသမား ပီပီဟာ ပြီးခဲ့တဲ့ ရာသီက လီဂူး-၁ရဲ့ အတောက်ပဆုံးကြယ်တစ်ပွင့်ဖြစ်ခဲ့ပြီး ယူနိုက်တက်အပြင် အာဆင်နယ်နဲ့ လီဗာပူးအသင်းတို့ကလည်း သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

အိုင်ဗရီကို့စ်လက်ရွေးစင် ပီပီဟာ ပြီးခဲ့တဲ့ရာသီက ၂၂ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၁ကြိမ်အထိပြုလုပ်ပေးနိုင်ခဲ့ပြီး ပီအက်စ်ဂျီတိုက်စစ်မှူး ဘာပေနောက် ပြင်သစ်လီဂူး-၁ ရဲ့ ဒုတိယမြောက်ဂိုးသွင်းအများဆုံးဖြစ်ခဲ့ပါတယ်။

လိုင်လီ အသင်းဥက္ကဋ္ဌ ဂျရတ်လိုပက်ဇ်ကလည်း ”ဒီနွေရာသီမှာ ကစားသမား ၄၊ ၅ယောက် အထိ အသင်းကနေ ထွက်ခွာ သွားနိုင်ပါတယ်။ ”သူ့အတွက် ရွေးချယ်စရာရှိနေပါတယ်”လို့ ပြောကြားထားပါတယ်။ ပီပီရဲ့လက်ရှိစာချုပ်သက်တမ်းက ၂၀၂၂ နွေရာသီရောက်မှ ကုန်ဆုံးမှာဖြစ်ပြီး ပေါင်သန်း ၆၀ရရင်တော့ လိုင်လီက ၄င်းကို လက်လွှတ်ခံမယ့် အနေအထားမှာ ရှိနေပါတယ်။

အန်တိုနီဂရစ်ဇ်မန်း(အက်သလက်တီကို)

ယူနိုက်တက်အသင်းကသာ သူ့ကိုခေါ်ယူနိုင်ခဲ့ရင် တကယ့်အောင်မြင်မှုလို့ဆိုရမှာဖြစ်ပါတယ်။ ကမ္ဘာ့ဖလား ချန်ပီယံ ဂရစ်ဇ်မန်းဟာ ဘောလုံးလောကရဲ့ ကြယ်တစ်ပွင့်ဖြစ်ပြီး မန်ယူအသင်း ဥရောပစင်မြင့်ထက် ပြန်လည်တက်ရောက်နိုင်ဖို့ သူက အဓိက ခေါ်ယူမှုဖြစ်လာနိုင်ပါတယ်။

ပြင်သစ်လက်ရွေးစင် ဂရစ်ဇ်မန်းကတော့ ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ ပိုမိုလိုလားနေပြီး ချန်ပီယံလိဂ် ကစားခွင့် ရနေတဲ့အသင်းကိုပဲ ပြောင်းရွှေ့ချင်နေမှာလည်း သေချာပါတယ်။ ဒါပေမဲ့ မန်ယူရဲ့ ဘဏ္ဍာရေး အင်အားတောင့်တင်းမှုက ဂရစ်ဇ်မန်း ငြင်းဆန်ဖို့ ခက်တဲ့လစာနဲ့ ကမ်းလှမ်းနိုင်မယ့် အခြေအနေ ရှိနေပါတယ်။

လူကာဂျိုဗစ်(ဖရန့်ဖတ်)

ဂျိုဗစ်တစ်ယောက် ရီးရဲလ်မက်ဒရစ်ထံ ရောက်တော့မယ့် အနေအထားရှိခဲ့ပေမယ့် အခုနောက်ပိုင်း ထွက်ပေါ်နေတဲ့ သတင်းတွေအရ အဆင်မပြေသေးဘူးလို့ သိရပြီး မန်ယူအသင်း လည်း အဲဒီကစားသမားကို ခေါ်ယူဖို့ ကြိုးစား လာနိုင်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ရာသီက ဘွန်ဒက်စ်လီဂါမှာ ခြေစွမ်းပြနိုင်ခဲ့ပြီးနောက် ဥရောပရဲ့ အတောက်ပဆုံး ကစားသမားဖြစ်လာပါတယ်။

အသက် ၂၁နှစ်အရွယ်ရှိ ဂျိုဗစ်ဟာ ပြီးခဲ့တဲ့ရာသီက ဖရန့်ဖတ်အတွက် ပြိုင်ပွဲစုံ ၂၇ဂိုး အထိ သွင်းယူနိုင်ခဲ့ပြီး အခုမှ အသက် ၂၁နှစ်ပဲ ရှိသေးလို့ မန်ယူလည်း တကယ်ခေါ်မယ်ဆိုရင် စောစောစီးစီးလက်ဦးမှုရယူထားဖို့ လိုအပ်ကာ မန်ယူရဲ့ တိုက်စစ်ပြဿနာကို နှစ်ပေါင်းများစွာကြာတဲ့အထိ ဖြေရှင်းပေးနိုင်စွမ်းရှိတဲ့ကစားသမားဖြစ်ပါတယ်။

မော်ရိုအီကာဒီ (အင်တာမီလန်)

စီးရီးအေမှာ ၁၇၉ ပွဲကစား ၁၀၉ ဂိုး အထိ သွင်းယူထားတဲ့အီကာဒီရဲ့ အရည်အသွေးကတော့ မေးခွန်းထုတ်စရာ မလိုပါဘူး။ ကွန်တီကလည်း လူကာကူကို ခေါ်ယူဖို့ ပစ်မှတ်ထားနေလို့ တိုက်စစ်မှူးချင်းအလဲအထပ်လုပ်ဖို့က ဖြစ်နိုင်ခြေရှိပါတယ်။

ဒါပေမဲ့ အီကာဒီက ချန်ပီယံလိဂ်မှာ ပါဝင်ကစားလိုပြီး မန်ယူကို ပြောင်းရွှေ့ရေးထက် အင်တာမီလန်မှာပဲ ပုံမှန် ပွဲထွက်ခွင့် ရဖို့ တိုက်ပွဲဝင်မယ့်အနေအထားမှာရှိနေပါတယ်။

မူဆာဒမ်ဘီလီ(လီယွန်)

လွန်ခဲ့တဲ့နွေရာသီက ဆဲလ်တစ်ကနေ လီယွန်ကို ပြောင်းရွှေ့လာချိန်မှာ သူ့အပေါ် ဖိအားတွေ အများအပြား ကျရောက် ခဲ့ပေမယ့် ဒမ်ဘီလီကတော့ အသင်းအတွက် ပြိုင်ပွဲစုံမှာ ၂၁ ဂိုးအထိသွင်းယူကာ ချက်ချင်းအထိုင်ကျခဲ့ပါတယ်။ အသက် ၂၂နှစ် အရွယ်ရှိ ဒမ်ဘီလီက အင်္ဂလိပ်ဘောလုံးလောကနဲစိမ်းသူမဟုတ်ဘဲ ဆဲလ်တစ်အသင်းကို မပြောင်းရွှေ့ခင် ဖူလ်ဟမ် အသင်းမှာ ကစားခဲ့ဖူးပါတယ်။

ဒါပေမဲ့ အဲဒီအချိန်တုန်းက သူဟာ အရမ်းငယ်လွန်းသေးပြီး အခုချိန်မှာ အတွေ့အကြုံပိုမိုများပြားလာပြီဖြစ်တာမို့ စိန်ခေါ်မှု သစ်တွေနဲ့ ရင်ဆိုင်ဖို့ ဆန္ဒရှိနေနိုင်ပါတယ်။ သူက ဒီစာရင်းမှာ ပါတဲ့ တခြားတိုက်စစ်မှူးတွေထက် ပြောင်းရွှေ့ကြေး ပိုမို နည်းပါးနိုင်သလို ခေါ်ယူဖို့လည်း ပိုမို လွယ်ကူလာနိုင်ပါတယ်။