ရီးရဲလ်မက်ဒရစ်အသင်းဟာ အီဒင်ဟာဇက်ကို ခေါ်ယူနိုင်ဖို့အတွက် အကြိမ်ကြိမ် ကမ်းလှမ်းခဲ့ပေမယ့် ပြောင်းရွှေ့ကြေး သဘောတူညီမှု မရနိုင်သေးတာကြောင့် နောက်ဆုံးအကြိမ် ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေပြီး ၄င်းတို့ရဲ့ ကိုယ်စားလှယ် တစ်ဦးကို ချဲလ်ဆီးဒါရိုက်တာ မာရီနာနဲ့ သွားရောက်တွေ့ဆုံဖို့ စေလွတ်လိုက်တယ်လို့ သိရပါတယ်။

ဘယ်လ်ဂျီယံသား ဟာဇက်ရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်လို့ ရီးရဲလ်မက်ဒရစ်နဲ့ ချဲလ်ဆီးတို့ သဘောတူညီမှုမရရှိသေးတာ လနဲ့ချီကာ ကြာမြှင့်နေပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရီးရဲလ်ကတော့ ယခုတစ်ပတ်ထဲမှာပဲ တရားဝင်ကြေညာလိုနေပြီး နှစ်ဘက်အသင်း လက်ခံနိုင်မယ့် ပြောင်းရွှေ့ကြေး တစ်ရပ်နဲ့ သဘောတူညီမှု ရရှိသွားဖို့ မျှော်လင့်နေပါတယ်။

ကနဦးမှာတော့ ချဲလ်ဆီးဟာ ၄င်းတို့ရဲ့ကြယ်ပွင့်အတွက် ယူရိုသန်း(၁၃၀)အထိ တောင်းဆိုခဲ့ပြီး ချဲလ်ဆီးကတော့ ယူရိုသန်း(၁၀၀)အထိသာ ပေးချေလိုခဲ့တယ် လို့ သိရပါတယ်။ ယခုတစ်ခါမှာတော့ ရီးရဲလ်နဲ့ ချဲလ်ဆီးတို့ဟာ ယူရိုသန်း(၁၂၀)နဲ့ နှစ်ဦးနှစ်ဘက် သဘောတူညီမှုရရှိတော့မယ့် အခြေအနေကိုရောက်ရှိခါနီးနေပြီလို့ သိရပါတယ်။

ကစားသမားကိုယ်တိုင်ကတော့ ယူရိုပါလိဂ်ဗိုလ်လုပွဲစဉ်ပြီးကတည်းက ပွဲပြီးအင်တာဗျူးမှာ အသင်းပြောင်းဖို့စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်ကြောင်း ဝန်ခံသွားခဲ့ပါတယ်။ ချဲလ်ဆီးအနေနဲ့လည်း စာချုပ်သက်တမ်းတစ်နှစ်သာကျန်တော့တဲ့ ဟာဇက်ကို မဖြစ်မနေရောင်းရတော့မယ့်အခြေအနေကို ရောက်လာခဲ့တာပဲဖြစ်ပါတယ်။

ဟာဇက်အနေနဲ့ကလည်း ဘာနေဗျူးကို ဇီဒန်းတစ်ကျော့ပြန်ရောက်လာကတည်းက ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ချင်နေခဲ့တာပဲဖြစ်ပါတယ်။ ရီးရဲလ် အနေနဲ့ကလည်း အပြောင်းအရွှေ့ကိုမြန်မြန်ကြေညာချင်တာကြောင့် သဘောတူညီမှုရဖို့ ခပ်မြန်မြန်ဆွေးနွေးနေပြီလို့သိရပါတယ်။

ဟာဇက်ရဲ့အပြောင်းအရွှေ့ သတင်းတွေနဲ့ ပတ်သက်လို့ ရီးရဲလ်မက်ဒရစ်အဝတ်လဲခန်းထဲမှာလည်း ပြောဆိုနေကြပြီဖြစ်ပြီး အသင်းခေါင်းဆောင် ရာမို့စ်က “အီဒင်ဟာဇက်ကို ထိပ်တန်း ကစားသမားတစ်ဦးအဖြစ် ကျွန်တော်မြင်ပါတယ်” လို့ဆိုထားပါတယ်။

ဟာဇက်ရဲ့ နိုင်ငံအသင်းဖော် ဂိုးသမား ကော်တိုရစ်ကလည်း၎င်းရောက်စကတည်းက ဟာဇက်ကို စောင့်မျှော်နေခဲ့တာဖြစ်ပါတယ်။ ကော်တိုရစ် ဟာ စပိန်၊ အင်္ဂလိပ်နဲ့ ပြင်သစ်စကားတွေကို ကျွမ်းကျင်တာကြောင့် စပိန်စကား မပြောတတ်တဲ့ ဟာဇက်အတွက် အကူအညီဖြစ်လာနိုင်တယ်လို့ သိရပါတယ်။