အာဆင်နယ်အသင်းဟာ ကစားသမားသစ်တွေ ခေါ်ယူဖို့ အကြပ်ရိုက်နေချိန်မှာပဲ တိုက်စစ်မှူး အူဘာမီယန်ကို အသင်းမှာ ဆက်လက် ထိန်းသိမ်းထားနိုင်ဖို့ ကြိုးစားရမယ့် အရေးနဲ့ ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။

တရုတ် စူပါလိဂ်ကလပ်တွေ ဖြစ်တဲ့ ဂွမ်ဇူးအသင်း နဲ့ ရှန်ဟိုင်း SIPG အသင်းတွေက အူဘာမီယန်ကို တစ်ပတ်လုပ်ခ ပေါင် (၃)သိန်းအထိ ခံစားခွင့် ရရှိစေမယ့် မက်မောဖွယ် ကမ်းလှမ်းမှုမျိုးကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့နှစ် ဇန်န၀ါရီလမှာ အာဆင်နယ်ကို ပေါင် (၅၆)သန်း နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဂါဘွန်တိုက်စစ်မှူးဟာ တစ်နှစ်ခွဲ အတွင်းမှာပဲ အာဆင်နယ်အတွက် (၆၅)ပွဲအထိ ကစာပေးခဲ့ပြီး (၄၁)ဂိုး သွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

အသက် (၂၉)နှစ်အရွယ် တိုက်စစ်မှူးက အသင်းတိုက်စစ်ပိုင်းအတွက် အဓိက အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ခဲ့ပြီး အာဆင်နယ်အတွက် အားကိုးရတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ အူဘာမီယန်က ဒီရာသီ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုလည်း ရယူထားတဲ့ အပြင် တိုက်စစ်မှူး လာကာဇက်တီနဲ့လည်း အတွဲညီညီ ခြေစွမ်းပြထားသူပါ။

အူဘာမီယန် အာဆင်နယ်သို့ ဒေါ့မွန်ကနေ မပြောင်းရွှေ့လာခင်မှာ တရုတ်စူပါလိဂ်ကလပ် ဂွမ်ဇူးအသင်းထံ ပေါင် (၆၂)သန်းနဲ့ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပါသေးတယ်။ The Times ရဲ့ ဖော်ပြချက်အရ ဒီတကြိမ်မှာလည်း ဂွမ်ဇူးအသင်း နဲ့ ရှန်ဟိုင်း SIPG အသင်းတွေက အူဘာမီယန်ကို တစ်ပတ်လုပ်ခ ပေါင် (၃)သိန်းအထိ ခံစားခွင့် ရရှိစေမယ့် ကမ်းလှမ်းမှုကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

လုပ်ခကြီးမြင့်မှုကို ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ အာဆင်နယ်အသင်းကြောင့် အူဘာမီယန် အတွက်တော့ တရုတ်ကလပ်တွေရဲ့ ကမ်းလှမ်းမှုက မက်မောဖွယ်ရာကောင်းနေပြီး အာရှဘက်ကို ပြောင်းရွှေ့သွားမလားဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။ အာဆင်နယ်အတွက် အဓိက ကစားသမားကို ထိန်းသိမ်းရဖို့ တာဝန်ကြီးမားလာပြီး ခက်ခဲမှုတစ်ခုနဲ့ ရင်ဆိုင်လိုက်ရတာလည်း ဖြစ်ပါတယ်။

အူဘာမီယန်က လက်ရှိ အာဆင်နယ်မှာ တစ်ပတ်လုပ်ခ ပေါင် (၁၉၀၀၀၀) သာ ရရှိနေတာဖြစ်ပြီး တရုတ်ကလပ်တွေက မြင့်မားတဲ့လစာငွေကို ပေးချေဖို့ အသင့်ရှိနေတာလည်း ဖြစ်ပါတယ်။

အာဆင်နယ်နည်းပြ အမ်မရီက အပြောင်းအရွှေ့စရိတ်အဖြစ် ပေါင်သန်း (၄၀)သာ ရရှိထားတာ ဖြစ်ပြီး အသင်းရဲ့ လစာငွေမြင့်မားသူတွေဖြစ်တဲ့ အိုဇေးလ်နဲ့ မီခီတာရန်တို့ကို ပြန်လည်ရောင်းချသွားဖို့ ပြင်ဆင်နေပါတယ်။ အကန့်အသတ်နဲ့သာ အပြောင်းအရွှေ့စရိတ် သုံးစွဲခွင့်ရရှိပြီးနောက် အသင်းရဲ့ ကစားသမားတချို့ကို ပြန်လည်ရောင်းချပြီး ငွေကြေှးရှာဖွေရဦးမှာလည်း ဖြစ်ပါတယ်။