ဒီရာသီကြိုမှာ လီဗာပူးအသင်းဟာ နူးညက်စ်၊ ကာဗယ်ရို၊ ကယ်ဗင် ရမ်ဆေးတို့ကို ခေါ်ယူခဲ့ပြီးတဲ့နောက် အပြောင်းအရွှေ့ ဈေးကွက်မှာ လူသစ် ခေါ်ယူမှုတွေ ရပ်တန့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီနွေမှာ မာနေး၊ မီနာမီနို၊ အိုရီဂီတို့ကို လက်လွတ်ထားခဲ့တာမို့ ကစားသမား အဝင်အထွက် စာရင်းက အရမ်းကြီး ကွာခြားသွားခြင်း မရှိပါဘူး။ သို့ပေမယ့် မနှစ်ကရာသီမှာ ဘောလုံးရာသီ အများစုကို ဒဏ်ရာကြောင့် မပါနိုင်ခဲ့တဲ့ ဟာဗေး၊ ကာတစ်ဂျုံးတို့လို လူငယ်တွေ ကြံ့ခိုင်မှုအပြည့် ကစားနိုင်မယ့် အနေအထားတော့ ရှိပါတယ်။

မန်နေဂျာကလော့ပ်ဟာ ၂၀၁၇ ရာသီကြိုမှာ ညာခြမ်းခံစစ်အတွက် လူအင်အား နည်းပါးနေစဉ် လူသစ် ခေါ်ယူရေးထက် အကယ်ဒမီထွက် ညာအစွန်လူ ထရန့်ကို နေရာပေးဖို့ ကြိုးစားခဲ့ဖူးပါတယ်။ ထရန့်ကလည်း ရလာတဲ့ အခွင့်အရေးကို ဆုပ်ကိုင်နိုင်ခဲ့တာကြောင့် စီနီယာအဆင့်မှာ နေရာရလာခဲ့တာဖြစ်တယ်။

၂၀၂၂-၂၀၂၃ ဘောလုံးရာသီမှာ ကလော့ပ်က ကွင်းလယ်လူသစ် မခေါ်ယူတော့ဖို့ ဆုံးဖြတ်လိုက်ခြင်းဟာ နောက်ထပ် ကြယ်ပွင့်တစ်ဦးကို မွေးဖွားဖို့ ရည်ရွယ်ခြင်းဖြစ်မလား စဉ်းစားစရာဖြစ်လာခဲ့ပါတယ်။

လက်ရှိ လီဗာပူးကွင်းလယ်မှာတော့ ဟန်ဒါဆန်၊ မီလ်နာ၊ ဖာဘင်ညို၊ သီယာဂို၊ ကိတ်တာ၊ ချိန်ဘာလိန်၊ ကာတစ်ဂျုံး၊ ဟာဗေး၊ ကာဗယ်ရိုတို့ ရှိနေပြီး သူတို့ ၉ ဦးဟာ ကွင်းလယ် ၃ နေရာကို အပြိုင်လုရမှာဖြစ်ပါတယ်။

ရာသီသစ်မှာတော့ လီဗာပူးအသင်းဟာ ၄-၂-၃-၁ ကစားကွက်ကို ပြောင်းလဲမယ်လို့ သတင်းကြီးပေမယ့် ခပ်မြန်မြန် ပြောင်းလဲမယ်တော့ မယူဆရပါဘူး။ ပုံမှန် ကစားနေကျ ၄-၃-၃ ကိုပဲ အခြေခံပြီး ကစားကွက် အပြောင်းအလဲ ဖြစ်လာမယ်လို့ မှန်းဆရတာဖြစ်ပါတယ်။

ယာဂင်ကလော့ပ်ဟာ အပတ်တိုင်းမှာ ကွင်းလယ်လူ ၃ ဦးကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ ပြဿနာတစ်ခုက လက်ရှိ လီဗာပူးကွင်းလယ်မှာ ကလော့ပ် ပြောလေ့ရှိတဲ့ ကွင်းလယ် နံပါတ် ၆ နေရာကို အဓိက ကစားသူအဖြစ် ဖာဘင်ညို တစ်ဦးတည်း ရှိနေတာဖြစ်ပါတယ်။

အချို့ လီဗာပူး ပရိသတ်တွေက ကွင်းလယ်တိုက်စစ်သမားအသစ် လိုချင်ပေမယ့် ကာဗယ်ရိုနဲ့ ဟာဗေးဟာ အဆိုပါနေရာ ကစားသူတွေဖြစ်ကြပါတယ်။ ဒါကြောင့် လီဗာပူးအသင်းမှာ ကွင်းလယ်လူတစ်ဦး လိုခဲ့မယ်ဆိုရင် ကွင်းလယ် နံပါတ် ၆ နေရာကို အဓိက ကစားသူပဲဖြစ်တယ်လို့ အကြမ်းဖျဉ်း ယူဆရမှာဖြစ်ပါတယ်။

အာရှရာသီကြို ပွဲစဉ်တွေကို ပြန်ကြည့်မယ်ဆိုရင် ယာဂင်ကလော့ပ်ဟာ နံပါတ် ၆ နေရာအတွက် ဟန်ဒါဆန်နဲ့ ဖာဘင်ညိုတို့ကို တစ်လှည့်စီ အသုံးပြုနေပါတယ်။ ဟန်ဒိုဟာ မနှစ်က ကစားခဲ့တဲ့ ကွင်းလယ် နံပါတ် ၈ အစား နံပါတ် ၆ နေရာကို ပြောင်းကစားနေတာကို မြင်ရပါတယ်။

ဟန်ဒါဆန် ကစားနေတာက deep-lying midfield ပုံစံဖြစ်ပြီး ဖာဘင်ညိုကတော့ destroyer သမား ပိုဆန်ပါတယ်။ ဘာလို့လဲဆိုတော့ ဖာဘင်ညိုက အဖျက်ကို ပိုအားပြုပြီး ပြိုင်ဘက်တိုက်စစ်ကို ဖြတ်တောက်ပြီးလို့ ဘောလုံးရချိန်မှာ ဖန်တီးမှုတွေ လုပ်ပေးနိုင်တဲ့ သီယေဂိုတို့ကို ဘောလုံးထိုးပေးတာ ပိုအားသန်နေတာ မြင်ရလို့ပါ။

သူတို့ ဘယ်လို ကစားဟန်ပဲ ရှိပါစေ လီဗာပူးအသင်းရဲ့ နံပါတ် ၆ နေရာက ရုပ်ပိုင်းဆိုင်ရာကော နည်းစနစ်ပိုင်းပါ အတော်လေး အားပြုရမယ့် နေရာတွေဖြစ်ပါတယ်။ လက်တလော အခြေအနေရဆိုရင် ပရီးမီးယားလိဂ် အဖွင့်ပွဲဖြစ်တဲ့ ဖူလ်ဟမ်ပွဲအတွက် ဟန်ဒါဆန်က ပိုပြီး အဆင်သင့်ဖြစ်နေမယ့်ပုံ ပေါက်ပါတယ်။

ကလော့ပ်က နံပါတ် ၆ နေရာအတွက် ဟန်ဒါဆန်ကို တကယ်ပဲ ရွေးချယ်ခဲ့မယ်ဆိုရင် အသင်းရဲ့ လက်ကျန် ကွင်းလယ်လူ ၂ နေရာကို သီယေဂိုနဲ့ ကိတ်တာတို့ပဲ အဓိက ပြိုင်ဆိုင်ရတော့မှာပါ။ သူတို့ရဲ့ ဒဏ်ရာ မှတ်တမ်းတွေအရ အပတ်တိုင်း ပွဲထွက်ပေးနိုင်မှာ မဟုတ်ဘဲ ဂျုံး၊ အယ်လီးယော့တို့ဟာ သေချာပေါက် နေရာရဖို့ ဖြစ်လာနိုင်ပါတယ်။

ရာသီကြို ပွဲစဉ်တွေကို ပြန်ကြည့်မယ်ဆိုရင် ဟာဗေးက ညာခြမ်း ကွင်းလယ်လူနေရာ ကစားလေ့ရှိပြီး ကာတစ်ဂျုံးက ဘယ်ခြမ်း ကွင်းလယ်လူနေရာ ကစားလေ့ရှိပါတယ်။ ကာဗယ်ရိုကတော့ ဘယ်တောင်ပံတိုက်စစ်ကို ကစားပြီး ကွင်းလယ်တိုက်စစ်နေရာ ဒါမှမဟုတ် ဘယ်ခြမ်း ကွင်းလယ်လူနေရာ ဝင်လေ့ရှိပါတယ်။

ကွင်းလယ်မှာ သီယေဂို၊ တိုက်စစ်မှာ ဆာလာနဲ့ ထရန့်၊ ရိုဘိုလို အစွန်လူတွေ ရှိနေတဲ့ ဒီကာလတွေဟာ လူငယ်တွေအတွက် အကောင်းဆုံး သင်ယူနိုင်မယ့် အခွင့်အရေးဖြစ်ပါတယ်။ ကမ္ဘာအဆင့် ကစားသမားတွေနဲ့ တွဲဘက်ရခြင်းကပဲ သူတို့ကို ပိုပြီး မြန်မြန်ဆန်ဆန် တိုးတက်လာစေနိုင်ပါတယ်။

မီလ်နာကို ညာခြမ်း အစွန်လူအဖြစ် သုံးထားတာမြင်ရပြီး ချိန်ဘာလိန်ကိုတော့ ညာတောင်ပံ တိုက်စစ်သမားအဖြစ် အသုံးပြုနေတာ မြင်ရပါတယ်။ ချိန်ဘာလိန် ဒဏ်ရာမရခင်ထိ ကလော့ပ်ရဲ့ အင်တာဗျူးမှာ ကွင်းလယ်အကြောင်း စကားပြောတော့ ချိန်ဘာလိန် နာမည် မပါခဲ့ပါဘူး။ ဒါက ကစားသမားရဲ့ ဒဏ်ရာရလွယ်မှုကို သူသိလို့လား? ကွင်းလယ်မှာ သုံးဖို့ မစဉ်းစားထားတာကြောင့်လား? မပြောနိုင်သေးပါဘူး။

အခုချိန်မှာ အားလုံးက လက်ကျန် ခြေစမ်းပွဲတွေကို စောင့်မျှော်နေကြဆဲဖြစ်ပါတယ်။ လီဗာပူးအသင်းက ဒီဈေးကွက်မှာ ကွင်းလယ်လူ လုံးဝ မခေါ်ဖို့ ဆုံးဖြတ်လာခြင်းနဲ့အတူ ဟာဗေး၊ ဂျုံးနဲ့ ကာဗယ်ရိုတို့ကို နေရာပေးဖွယ်ရှိကြောင်း စင်္ကာပူ ခရီးစဉ်ကို လိုက်သွားတဲ့ လီဗာပူးဖန်းဆိုဒ်တွေကနေ အသံထွက်လာတာတွေ ရှိထားပါတယ်။

လူငယ်ကစားသမားတွေ အနေနဲ့ စီနီယာအဆင့်မှာ နေရာရဖို့ဆိုတာဟာ ထူးချွန်နေလို့ပဲ မရပါဘူး။ သူတို့တွေအတွက် အခွင့်အရေးရှိဖို့ လိုပါတယ်၊ ရလာတဲ့ အနေအထားကို ဆုပ်ကိုင်နိုင်ဖို့လည်း လိုပါတယ်။

ရှည်ကြာတဲ့ ဘောလုံးရာသီတစ်ခုကို ကျော်ဖြတ်ရဦးမှာဖြစ်ပေမယ့် ယာဂင်ကလော့ပ်ဟာ ထရန့်လို နောက်ထပ် စတားတစ်ဦးအဖြစ် ဟာဗေး၊ ဂျုံး၊ ကာဗယ်ရိုတို့ကို ပျိုးထောင်ပေးနိုင်မယ်လို့ ယုံကြည်ထားပါတယ်။