မန်ယူ ခံစစ်မှူး အဲရစ် ဘိုင်လီက အင်စတာဂရမ်မှာ အသင်းဖော် ရက်ဖို့ဒ်နဲ့ ပေါ့ဘာကို နှိပ်ကွပ်ထားတဲ့ ပို့စ်များအား လိုက်ခ် လုပ်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ စောင့်ကြည့် ဝေဖန်မှုတွေ ခံနေရပါတယ်။

ပီအက်စ်ဂျီကနေ ပြောင်းရွှေ့ကြေး အလွတ်နဲ့ ထွက်ခွာလာမယ့် ကွင်းလယ်ကစားသမား ရာဘီရော့ကို မန်ယူ အပြင် အဲဗာတန် အသင်းကပါ ချိတ်ဆက် ဆွေးနွေးမှုများ ရှိထားပါတယ်။

ဂျူဗင်တပ်အသင်းဟာ မန်ယူ၊ မန်စီးတီးတို့နဲ့ ချိတ်ဆက်နေပြီး အသင်းကနေ ထွက်ခွာဖွယ် ရှိနေတဲ့ ကန်ဆယ်လို နေရာ အစားထိုးရန် စပါးခံစစ်မှူး ထရစ်ပီယာကို ခေါ်ယူရန် စိတ်ဝင်စားနေပါတယ်။

ဟာရဲရား ထွက်ခွာသွားပြီးနောက် ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းလိုနေတဲ့ နည်းပြဆိုးရှားဟာ လက်စတာအသင်းရဲ့ ကွင်းလယ် တိုက်စစ် သမား ဂျိမ်းစ် မက်ဒီဆင်ကိုလည်း ပေါင်သန်း (၆၀)နဲ့ ခေါ်ယူနိုင်ဖို့ စတင် ချိတ်ဆက်နေတယ်လို့ သိရပါတယ်။

မန်ယူ နည်းပြဟောင်း ဗန်ဟားလ်က အသင်းဟောင်းရဲ့ အမှုဆောင်ချုပ် အက် ၀ုဒ်ဝပ်ဟာ ဘောလုံး အကြောင်း နကန်းတစ်လုံးမှ နားမလည်ဘဲ စီမံခန့်ခွဲမှု လုပ်နေသူ ဖြစ်ကြောင်း စွပ်စွဲ ပြောဆိုလိုက်ပါတယ်။

မန်ယူ၊ မန်စီးတီးတို့ အပြိုင်ကြိုးပမ်းနေတဲ့ လိုင်ယွန်ကွင်းလယ်ကစားသမား အမ် ဒွမ်ဘီလီက အနာဂတ်အတွက် ဘယ်အသင်းမှာ ရှိမလဲ ဆုံးဖြတ်ချက် မချရသေးကြောင်း ၀န်ခံ ပြောဆိုလိုက်ပြီး ချန်ပီယံလိဂ် ၀င်ခွင့်ရထားတဲ့ လက်ရှိကလပ်အသင်းမှာလည်း ဆက်နေဖွယ် ရှိကြောင်း ပြောကြားခဲ့ပါတယ်။

ဂိုးသမားဖြစ်သူ ဒီဂီယာကို လက်လွှတ်ရဖို့ နီးစပ်နေတဲ့ မန်ယူအသင်းဟာ စပိန်သားရဲ့နေရာမှာ အစားထိုးဖို့အတွက် လိုင်လီအသင်းရဲ့ဂိုးသမား မိုက်ခ်မိုင်ဂ်နန်ကို ပေါင် (၃၁)သန်းနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းလိုက်ပါတယ်။

မန်ယူ တိုက်စစ်မှူး လူကာကူက စီးရီးအေကို ပြောင်းလိုနေပြီး ကစားသမားက ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုကို ရယူဖို့ နီးစပ်နေတာကြောင့် ကလပ်နှစ်သင်းကြား အပြောင်းအရွှေ့ကိစ္စ စကားပြောစေလိုနေပါတယ်။