ကလော့ပ်ဟာ လီဗာပူးအသင်းသားတွေ၊ နည်းပြအဖွဲ့ဝင်တွေနဲ့ ဝန်ထမ်းတွေကို ထိပ်ဆုံးကနေ မိန့်ခွန်းပြော ဦးဆောင်ပေးနေတဲ့သူ ဖြစ်နိုင်ပါတယ်။

ကလော့ပ် အယုံကြည်ရဆုံး တွဲဘက်ကတော့ လက်ထောက်နည်းပြ ပပ်လင်ဒါးပဲဖြစ်ပါမယ်။ ဒါပေမယ့် အသင်းထဲမှာနဲ့ အဝတ်လဲခန်းအတွင်းမှာ စီးဝင်နေတဲ့ ယုံကြည်မှု အထွတ်အထိပ်ဟာ အသင်းခေါင်းဆောင် ဂျော်ဒန်ဟန်ဒါဆန် ဆီကလာတဲ့ စစ်မှန်တဲ့ တွန်းအားပေးမှု ဖြစ်တယ်လို့ လင်ဒါက ပြောပါတယ်။

“ ဟန်ဒိုက အဓိကပါပဲ။ ဘာလို့လဲဆိုတော့ သူက တခြားကစားသမားတွေဆီက ယုံကြည်မှုကို ပိုပြီးတော့တောင် ဖွင့်လှစ်ပေးခဲ့သူပါ။ ဟန်ဒါဆန်က အဆင့်အတန်းနဲ့ နှိမ့်ချမှုတွေအတွက် အကြောင်းပြချက်ပဲ။ ဘဝမှာ သံသယဖြစ်လာရင် ကိုယ့်ကိုယ်ကို မေးကြည့် ဒီအခြေအနေမှာ ‘ဟန်ဒိုဆိုရင် ဘာလုပ်မှာလဲ’လို့။ အဲ့ကျရင် အဖြေရမှာပါ။

မနှစ်ကရာသီ အကုန်သီတင်းပတ်မှာ ကျွန်တော်တို့ ဆုဖလားတွေနဲ့ လွဲချော်ခဲ့တယ်။ ဒါပေမယ့် ဘောလုံးအားကစားထဲ လုံးဝ နှစ်မြုပ်နေချင်တယ်ဆိုရင် ပြီးပြည့်စုံမှုကို ဘယ်တော့မှ မရှာဖွေသင့်ပါဘူး။

‘မနေ့က ဖြစ်ပျက်ခဲ့တာတွေကို ဒီနေ့ထိ မလွှမ်းမိုးပါစေနဲ့’ ဆိုတာဟာ အကောင်းဆုံးစကားပဲ။ ကြိုးစားလုပ်တဲ့သူတွေက အမှားတွေ ရှိတတ်ပါတယ်။ ကျွန်တော်တို့ကတော့ ဘာတွေပဲဖြစ်ဖြစ် ကြိုးစားတဲ့သူပဲ ဖြစ်ချင်ပါတယ် ” လို့ လင်ဒါးက သူ့ရဲ့ စာအုပ်ထဲမှာ ရေးသားခဲ့တာပါ။

မနှစ်က ဒီလိုအချိန်မှာပဲ လီဗာပူးအသင်းဟာ ဟန်ဒါဆန်ကို ၂၀၂၅ ခုနှစ်ထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ပါတယ်။ ဒီစာချုပ်အတွက် အဓိက တွန်းအားပေးခဲ့သူက ယာဂင်ကလော့ပ်ပါ။ သူ့အတွက် အသင်းအတွက် ဟန်ဒါဆန်ကို လိုအပ်တယ်ဆိုတဲ့ တောင်းဆိုမှုနဲ့အတူ အသင်းဘက်က ဟန်ဒိုကို သက်တမ်းတိုးခဲ့ပါတယ်။

ဟန်ဒါဆန်ဟာ လီဗာပူးအသင်း အဝတ်လဲခန်းအပေါ် အတော်လေး လွှမ်းမိုးမှုကြီးသူဖြစ်ပြီး ကိုဗစ်ကပ်ဘေး၊ စူပါလိဂ်ပြိုင်ပွဲနဲ့ လူမျိုးရေးခွဲခြားမှုဆိုင်ရာ ကိစ္စတွေဟာ လီဗာပူးအသင်းကိုတင် မကဘဲ ပရီးမီးယားလိဂ် အသင်းတိုင်းရဲ့ အသင်းခေါင်းဆောင်တွေကိုပါ စုစည်းပေးနိုင်ခဲ့သူဖြစ်ပါတယ်။

သူ့ရဲ့ အင်္ဂလန်ဘောလုံးလောကအတွက်၊ လီဗာပူးအသင်းအတွက် လုပ်ဆောင်ပေးမှုတွေကြောင့်ပဲ ဒီနွေမှာ ဟန်ဒါဆန်ဟာ MBE ဘွဲ့ ရခဲ့သလို သူဟာ လီဗာပူးအသင်းဖော်တိုင်း လေးစားရတဲ့ ခေါင်းဆောင်တစ်ဦးအဖြစ် ယုံကြည်မှုတွေကို ရရှိထားတာပဲဖြစ်ပါတယ်။