လီဗာပူးဟာ မနှစ်က လွဲချော်ခဲ့ရတဲ့ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် နှစ်ခုလုံးအတွက် လာမယ့်ရာသီမှာလည်း ရေပန်းစားနေမှာပါ။ ဒီအတွက် ပထမဆုံး ခြေလှမ်းကို ကွန်မြူနတီဒိုင်းကနေ စတင်ရပါမယ်။

စနေနေ့ လက်စတာရဲ့ ကင်းပါဝါကွင်းမှာ လီဗာပူးအသင်းဟာ အမှတ်ပေးချန်ပီယံ မန်စီးတီးနဲ့ ရင်ဆိုင်ရမှာပါ။ ၂၄ နာရီအကြာာ အန်ဖီးမှာ စထရာ့ဘော့နဲ့ ခြေစမ်းပွဲကစားရမှာဖြစ်ပြီး အဲ့ဒါပြီးရင် ဩဂုတ် ၆ ရက်နေ့ ဖူလ်ဟမ်နဲ့ ပရီးမီးယားလိဂ်ရာသီကို စတင်မှာ ဖြစ်ပါတယ်။

ဒီရာသီကြိုမှာ လီဗာပူးရဲ့ ရလဒ်တွေက ရောထွေးနေခဲ့ပါတယ်။ ဒီပွဲတွေကနေ အတည်အကျကြီး ကောက်ချက်ချဖို့ ခက်ခဲပေမယ့် ပရိသတ်တွေ သိလိုနေတဲ့ မေးခွန်းကြီး ၂ ရက်ဟာ လာမယ့် သီတင်းပတ်တွေမှာ အဖြေပေါ်လာဖို့ ရှိနေပါလိမ့်မယ်။

နံပါတ် ၉ နေရာအတွက် ပြိုင်ဆိုင်မှု

ဂျိုတာ ဒဏ်ရာရနေသေးတော့ ရာသီအစမှာ ဗဟိုတိုက်စစ်မှူး နေရာအတွက် တိုက်ပွဲက ဖာမင်နိုနဲ့ နူးညက်စ်တို့ကြား ယှဉ်ပြိုင်ရဖို့ ဖြစ်နေပါတယ်။ အတိတ်နဲ့ အနာဂတ်ရဲ့ ပြိုင်ဆိုင်မှုလို့ ဆိုရမလား။ ဖာမင်နိုရဲ့ အရေးပါမှုကို ဖယ်ရှားလို့ မရပေမယ့် လီဗာပူးအသင်းမှာက သွေးသစ်လောင်းဖို့တော့ လိုအပ်လာပါတယ်။

ဂျူဗင်တပ်ဟာ ဖာမင်နို အေးဂျင့်တွေနဲ့ ချိတ်ဆက်မှု လုပ်ခဲ့ပေမယ့် လီဗာပူးကတော့ ဘရာဇီး တိုက်စစ်မှူးကို လက်မလွတ်ဘူးလို့ အသေအချာ ပြောပါတယ်။ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ကို ရောက်လာပြီဖြစ်တဲ့ ဖာမင်နိုဟာ မနှစ်ကလို ဒဏ်ရာ အနှောင့်အယှက်တွေကို ဖယ်ရှားနိုင်ရင် အရေးပါတဲ့ နေရာတစ်ခုကနေ ပါဝင်ခွင့်ရဦးမှာပါ။

ဒါပေမယ့် နူးညက်စ်ကတော့ ရေရှည်အတွက် ကိုယ်စားပြုပါတယ်။ အသင်းနဲ့ အပြည့်အဝ အံဝင်ဖို့ အချိန်လိုအပ်နေသေးပြီး ရာသီကြိုကို အကောင်းဆုံး ပါဝင်ထားနိုင်ခဲ့တယ်။ အသင်းဖော်သစ်တွေနဲ့ အထိုင်ကျလာတဲ့ ပုံစံတွေကို မြင်တွေ့ခဲ့ရတာပါ။

နူးညက်စ်က ကောင်းကောင်းပြေးတယ်၊ အမြဲတမ်း နောက်ဆုံး ခံစစ်ကစားသမားရဲ့ ရှေ့မှာရှိနေတယ်။ သူ့အသင်းဖော်တွေရဲ့ အရည်အသွေးကြောင့် ဂိုးရှေ့မှာ အကောင်းဆုံးနေရာယူမှုတွေနဲ့ သူ့ကို ခဏခဏ်တွေ့ရတယ်။ သူက ဂိုးပေါက်ကန်သွင်းမှုလုပ်ဖို့ မကြောက်နေပါဘူး။

သူ့ရဲ့ လှုပ်ရှားမှု၊ အသင်းဖော်တွေကို နားလည်မှုတွေနဲ့ ပတ်သက်ပြီး လိုအပ်ချက်တချို့ ရှိပေမယ့် သူနဲ့ ပတ်သက်ပြီး အားသာချက်တွေကို နည်းပြကလော့ပ်က မြင်ထားပါတယ်။ တစ်ပတ်အတွင်း ဖူလ်ဟမ်နဲ့ပွဲမှာ လီဗာပူးတိုက်စစ်ကို ဦးဆောင်လာဖို့ အဆင်သင့်ဖြစ်နေပြီလား? ဆိုတာကတော့ မေးခွန်းကောင်းပါပဲ။

ဗန်ဒိုက်နဲ့ ဘယ်သူတွဲရမလဲ

ဒဏ်ရာက ပြန်သက်သာလာတဲ့ ဗန်ဒိုက်ဟာ လီဗာပူးအသင်း ဆုဖလားတွေကို စိန်ခေါ်ဖို့ အရေးပါခဲ့ပါတယ်။ ခံစစ်မှာ အထင်ကြီးစရာဖြစ်ခဲ့ပြီး သူဟာ အသင်းရဲ့ ခံစစ်ကျောက်ဆောင်အဖြစ် ပြန်လည်တာဝန်ယူခဲ့ပါတယ်။ ပွဲနေ့တွေအတွင်း ကလော့ပ်ရဲ့ လူစာရင်းမှာ ပထမဆုံးထည့်ရမယ့် နာမည်တစ်ခု ဖြစ်နေဦးမှာပါ။

ဒါဆို ဗန်ဒိုက်နဲ့ ဘယ်သူတွဲကစားရမှာလဲ။ မာတစ်၊ ကိုနတေးနဲ့ ဂျိုးဂိုမက်စ်တို့လို အရံကောင်း သုံးယောက်ရှိနေပါတယ်။ မာတစ်ဟာ မနှစ်က ဗန်ဒိုက်ပြီးရင် ပွဲအများဆုံးအဖြစ် ပြိုင်ပွဲစုံ ၄၃ ပွဲ ကစားခဲ့ပေမယ့် လီဗာပူးရဲ့ ဖိုင်နယ်သုံးပွဲလုံးမှာ ပွဲထွက်ခဲ့တာက ကိုနတေးပါ။ ဒါကြောင့် ပြင်သစ်သားက အနာဂတ်ကို ကိုယ်စားပြုပါတယ်။

ဂိုမက်စ်လည်း အတူတူပါပဲ။ မနှစ်က စုစုပေါင်း ၁၁ ပွဲသာ ပွဲထွက်ခဲ့ရပေမယ့် အင်္ဂလန်သားဟာ ဒီနွေမှာ ရေရှည်စာချုပ်သစ် ချုပ်ခဲ့ပြီးတော့ တိုက်ပွဲဝင်ဖို့ အဆင်သင့်ပဲလို့ ပြောပါတယ်။ ဆဲလ်ဘက်နဲ့ပွဲမှာ သူသိပ်မကောင်းခဲ့ပေမယ့် ၂၀၁၉-၂၀ မှာ ဂိုးမက်စ်နဲ့ ဗန်ဒိုက်အတွဲက ပရီးမီးယားလိဂ်ဖလား ယူပေးနိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ဗန်ဒိုက်ရဲ့ တွဲဘက်အဖြစ် ဂိုးမက်စ် ဖြစ်လာဖို့က အခွင့်အရေး နည်းပါးမှာပဲ ဖြစ်ပါတယ်။