ကွန်မြူနတီဒိုင်းပွဲမှာ ကိုနတေး အစား မာတစ်၊ နူးညက်စ် အစား ဖာမင်နိုတို့ကို ပွဲထွက် အသုံးပြုခဲ့ပြီး လီဗာပူးလူစာရင်းက တောင့်တင်းမှုတွေ ပြသနေဆဲဖြစ်ပါတယ်။

ပွဲချိန် ၂၁ မိနစ်မှာ ထရန့်က ဦးဆောင်ဂိုး ရယူပေးခဲ့ကာ ဒုတိယပိုင်းမှာ နူးညက်စ်ထံက သက်ရောက်မှုကြီးတွေ မြင်ခဲ့ရတယ်။ နူးညက်စ်ရဲ့ အသားကျလာမှုကို ကလော့ပ်က သဘောကျသလို ဥရုဂွေးတိုက်စစ်မှူး မဟုတ်ဘဲ အခြားသော ကျေနပ်စရာတွေကိုပါ နည်းပြကြီးက ဖွင့်ဟလာခဲ့ပါတယ်။

“ ပွဲထွက်လူစာရင်းနဲ့ ပတ်သက်လို့ ကျနော် အတော်လေး ပျော်မိပါတယ်။ ပွဲအစနဲ့ ပတ်သက်လို့ အရမ်းကို ပျော်မိခဲ့တယ်။ နောက်ပြီး လူစားဝင်မှုတွေ အားလုံးကလည်း စစ်မှန်တဲ့ ခြားနားမှုတွေ လုပ်ပြနိုင်ခဲ့တယ်လို့ ပြောချင်ပါတယ်။ အားလုံးသော လူစားဝင်မှုတိုင်းပါပဲ။

သူတို့ ဝင်ကစားခဲ့ကြတယ်။ ဖေဘီယိုနဲ့ ကာတစ်တို့အတွက်က ၃-၄ မိနစ်လောက်ပဲ ကစားရတာတင် ဖြစ်ခဲ့ပါတယ်။ သူတို့ အကောင်းဆုံး ကစားနိုင်ခဲ့ပါတယ်။ ဒါကို ကျနော် နှစ်သက်ပါတယ်။ ဒီကနေ့ပွဲမှာ ကျနော် အရေးကြီးဆုံး သင်ယူခဲ့ရတာက ကောင်လေးတွေက အဆင်သင့် ဖြစ်နေပါပြီ ” လို့ ကလော့ပ်က ဆိုပါတယ်။

လီဗာပူးအသင်းမှာ အယ်လီဆန်၊ ဂျိုတာ၊ ကိုစတက်၊ ချိန်ဘာလိန်၊ ရမ်ဆေး၊ ဂေါ်ဒန်နဲ့ ကလယ်ဟာတို့ ကြံ့ခိုင်မှု ရာနှုန်းပြည့် မရှိကြတာကြောင့် မပါနိုင်ပါဘူး။ ဒါပေမယ့် သူတို့ထဲက အများစုဟာ လာမယ့် သီတင်းပတ်တွေအတွင်း လေ့ကျင့်ရေးထဲ ပြန်လည် ပါဝင်လာနိုင်မှာပါ။

ကလော့ပ်ကပဲ “ ကွင်းထဲမှာ မြင်ရတာတွေအတွက် ကျနော် စိတ်လှုပ်ရှားနေမိတယ်။ ဟာဗေးရဲ့ သက်ရောက်မှုကို ကျနော် သဘောကျပါတယ်။ ဘောလုံးနားချိန်ကို စောင့်နေရတာကြောင့် ဖေဘီယိုက နည်းနည်း နောက်ကျပြီးမှ လူစားဝင်ခဲ့ရတယ်။

မီလ်နာ လူစားဝင်ကစားခဲ့တယ်။ ဒီနှစ်မှာ သူဘယ်လောက်ထိ မြင့်တဲ့ အဆင့်ကို ရောက်နိုင်မလဲ ကျနော် မသိပါဘူး။ သူကတော့ အတော်လေး အလားအလာ ကောင်းနေပါတယ်။ ကာတစ်နဲ့ နာဘီတို့ကလည်း လူစားဝင်ချိန် ကောင်းကောင်းကစားခဲ့ပါတယ်။

ဒီကနေ့ ကွင်းထဲ မဝင်နိုင်ခဲ့တဲ့ အသင်းသားတွေကလည်း ပုံစံကောင်းတွေ ရနေခဲ့ပါတယ်။ ရာသီကြိုအပြီး ဒါကို မြင်ရတာ ကောင်းတာပေါ့။ ဒါပေမယ့် ကျနော်တို့ ဘယ်လောက်ထိ ရောက်နေပြီလဲဆိုတာ သိရအောင် ပွဲကစားဖို့ လိုပါတယ်၊ စစ်မှန်တဲ့ပွဲပေါ့။ ဒီညအတွက်တော့ အဆင်ပြေခဲ့တယ်ပေါ့ဗျာ ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။