ကလော့ပ်လက်ထက်အတွင်း လီဗာပူးရဲ့ အကြီးမားဆုံး အပြောင်းအလဲဟာ ဖြစ်ပျက်ခဲ့တာတွေကို နာကျင်ခံစားမနေပဲ ရှေ့ဆက်ရမယ့် အနာဂတ်အတွက် ရည်မှန်းချက်ထားတတ်တဲ့ အရည်အသွေး ဖြစ်ခဲ့ပါတယ်။

၂၀၂၁-၂၂ ရာသီက လီဗာပူးအတွက် စိတ်ပျက်စရာ အဆုံးသတ်ဖြစ်ခဲ့ပါတယ်။ မန်စီးတီးဟာ ခြေတလှမ်းအကွာကနေ ပြန်လည်တိုက်ပွဲဝင်ခဲ့ပြီး ပရီးမီးယားလိဂ် သိမ်းပိုက်သွားခဲ့သလို ချန်ပီယံလိဂ်ဖလားဖိုင်နယ်မှာ ထပ်မံရှုံးနိမ့်ခဲ့တဲ့ ဝရုန်းသုန်းကား အခြေအနေတွေက ဘယ်တော့မှ မေ့လို့ရမှာ မဟုတ်ပါဘူး။

မနှစ်က ရာသီမတိုင်ခင် ကလော့ပ်လက်အောက်က လီဗာပူးဟာ ချန်ပီယံလိဂ်ဖိုင်နယ်ကို ရှုံးနိမ့်ခဲ့ဖူးသလို တစ်မှတ်ထဲနဲ့ ပရီးမီးယားလိဂ်ဖလား လက်လွှတ်ခဲ့ရတဲ့ နာကျင်မှုကို ခံစားခဲ့ရဖူးပါတယ်။ လီဗာပူးအသင်းဟာ အဲ့ဒီ့အရာတွေကို နှစ်ခါ ကြုံခဲ့ရတဲ့ အသင်းတစ်သင်း ဖြစ်ပါတယ်။

အဲ့ဒီ့အဖြစ်အပျက်တွေက ကိုယ်ရဲ့ ယုံကြည်မှုအဆင့်အတန်းကို အနည်းငယ် မထိခိုက်စေခဲ့ဘူးဆိုရင် ဒါမှမဟုတ် ကိုယ်ဘာသာနဲ့ ကိုယ့်ရဲ့ နည်းလမ်းတွေကို မေးခွန်း မထုတ်ဘေူးဆိုရင် လူမဟုတ်တော့ဘူးလို့ ဆိုရမယ်။ သိပ်ကို ခက်ခဲတဲ့ အနေအထားတွေကို အသင်းက ကျော်ဖြတ်နေရတယ်။

“ ဝုဗ်နဲ့ ရာသီနောက်ဆုံးပွဲမှာ ကျွန်တော်တို့တွေ အနောက်ကလိုက်ပြီး ပြန်လည်အနိုင်ယူနိုင်ခဲ့တယ်။ ဒါပေမယ့် အမှတ်ပေးဖလားကိုတော့ တစ်မှတ်အကွာနဲ့ မန်စီးတီးကို ရှုံးခဲ့ပါတယ်။ ကျွန်တော်တို့ ပွဲကို အနိုင်ရခဲ့ပေမယ့် မန်စီးတီးဆီ ဖလားပေးလိုက်ရတယ်။

ပွဲအပြီးမှာ ကျွန်တော်တို့ကို ဂုဏ်ပြုပေးဖို့အတွက် မိသားစုအားလုံးက ကွင်းထဲကို ရောက်လာခဲ့ကြတယ်။ ကျွန်တော်တို့ ချစ်ရတဲ့သူတွေကို မြင်လိုက်ရတဲ့အခါ အားလုံးရဲ့ မျက်နှာက ချက်ချင်း ပြောင်းလဲသွားခဲ့ကြတော့တယ်။ ဒါက အခက်အခဲတွေအတွက် အကောင်းဆုံး ကုသမှုဟာ မိသားစုပဲဆိုတာ သက်သေပြခဲ့တာပါ။

The Kop ပွဲကြည့်စင်ပေါ်က စာတန်းတစ်ခုကို မြင်လိုက်ရတော့ ကျွန်တော် တစ်စက္ကန့်လောက် နှလုံးရပ်သွားသလိုပဲ။ “ငါတို့ ဖလားတွေ ရထားတာပဲ” တဲ့။ အောင်မြင်မှုရဲ့ အစဉ်အလာသစ်တစ်ခုက ဒီ လှပတဲ့ကလပ်မှာ၊ ခေတ်သစ်တစ်ခုမှာ ပျော်ဝင်စီးဆင်းသွားခဲ့ပါတယ်။

ကျွန်တော် ပြောခဲ့သလိုပဲ ပရိသတ်တွေဟာ သူတို့ရဲ့ စိတ်အားထက်သန်မှုအရတင် မဟုတ်ဘဲ အလုပ်တစ်ခုလိုပါ အားပေးနေတယ်လို့ ခံစားရတယ်။ အဲ့နေ့မှာ ဖြစ်ပျက်ခဲ့တဲ့ အကောင်းဆုံး အရာက ကျွန်တော်တို့ ပွဲကိုအနိုင်ရခဲ့တာပဲ။ ကျွန်တော်တို့ အနိုင်မရခဲ့ရင် ကိုယ့်ကိုယ်ကို ဘယ်တော့မှ ခွင့်လွှတ်နိုင်မှာ မဟုတ်ဘူးလို့ ထင်တယ်။

နောက်ထပ် ကောင်းတဲ့အရာတစ်ခုက ပွဲအပြီးမှာ ယာဂင် ပြောခဲ့တဲ့စကားတွေပဲ။ ‘ဘဝနဲ့ပတ်သက်ပြီး သူသင်ယူခဲ့တဲ့ အရာက မင်းဟာ လမ်းကြောင်းမှန်ပေါ်ရှိပြီး ဆက်ကြိုးစားနေရင် ဆုလာဘ်ရရှိလိမ့်မယ်”တဲ့။ အဲ့နေ့မှာ ကျွန်တော်တို့ အမြင့်ဆုံးဆုကို မရခဲ့ပါဘူး။ အဲ့ဒါကို ရဖို့ ထိုက်တန်ခဲ့ပါတယ်။ ဒါပေမယ့် တချိန်ချိန်မှာ ရအောင်ယူမှာပါ။

ဆက်ကြိုးစားဖို့က ကျွန်တော်တို့နဲ့ပဲ ဆိုင်ပါတယ်။ နောက်အပတ်၊ နောက်ရာသီတွေမှာပေါ့။ ကျွန်တော် မကြာခဏ ပြောခဲ့တာက ပွဲအပြီး ၅ မိနစ်ဟာ ပွဲမတိုင်ခင် ၅ ရက်ထက် ပိုပြီး အရေးကြီးပါတယ်။

ယာဂင်ကလောပ့်က ကစားသမားတွေဆီ အကောင်းဆုံး အမှာစကားကို ပြောကြားခဲ့တယ်။ အောင်မြင်မှုရဖို့အတွက် တစ်ခုသောနည်းက အစကနေ အဆုံးထိ စစ်မှန်တဲ့ ဦးဆောင်မှုပဲ။ ဆက်လက်တိုးတက်ဖို့အတွက် နည်းလမ်းက ကိုယ့်ကိုယ်ကို ပြိုင်ဆိုင်နေဖို့ပဲ။

ကျွန်တော်တို့ ကစားသမားတွေကို ပြည့်ပြည့်စုံစုံ မချီးကျူးနိုင်ပါဘူး။ ကျွန်တော်တို့ရဲ့ အောင်မြင်မှုတိုင်းက သူတို့ရဲ့ အာရုံစူးစိုက်နစ်မြုပ်ထားမှုကြောင့်ပါပဲ ” လို့ လက်ထောက်နည်းပြ ပက်လင်ဒါက သူ့ရဲ့ စာအုပ်ထဲ ထည့်ရေးသွားခဲ့တယ်။

ကလော့ပ်ရဲ့ ဦးဆောင်မှုအောက်မှာ လီဗာပူးက မဆုတ်မနစ်တဲ့ ယုံကြည်မှုရှိပြီး အကြီးမားဆုံး စိန်ခေါ်မှုတွေကို ရင်ဆိုင်လိုကြတယ်။ အသင်းသားတွေက အချင်းချင်း နားလည်မှုရှိပြီး ဘာတွေပဲဖြစ်ဖြစ် တစ်သင်းလုံး တည်တည်ငြိမ်ငြိမ် ရှိပါတယ်။

စိတ်ဓါတ်ပိုင်း မာကျောမှုက လီဗာပူးအသင်းရဲ့ အောင်မြင်မှုတွေအတွက် အခြေခံအုတ်မြစ်ဖြစ်ပြီး အသင်းကို အမြဲတမ်း ပြန်လာနိုင်စေခဲ့ပါတယ်။ လာမယ့်အပတ်မှာ ပရီးမီးယားလိဂ် ဘောလုံးရာသီသစ် စတင်တော့မှာဖြစ်သလို လီဗာပူးက နောက်ထပ်တစ်ကြိမ် ပြန်ပြီး ယှဉ်ပြိုင်လာဦးမှာပဲ ဖြစ်ပါတယ်။