အန်ဖီးကွင်းမှာ ရာသီကြို နောက်ဆုံး ခြေစမ်းပွဲအဖြစ် ပြင်သစ်ကလပ် စတပ်ဘော့အသင်းတို့ ယှဉ်ပြိုင်တဲ့ ခြေစမ်းပွဲမှာ လီဗာပူးအသင်းက ၃-၀ နဲ့ အရေးနိမ့်ခဲ့ပါတယ်။

ဒီပွဲမှာတော့ False 9 နေရာကနေ ကာဗာရိုကို ထုတ်သုံးခဲ့ပြီး ဗဟိုခံစစ်မှာ ကိုနတေးနဲ့ ဂိုးမက်စ်ကို တွဲပေးခဲ့တာဖြစ်ပါတယ်။ လူငယ်ကြယ်ပွင့်တွေဖြစ်တဲ့ ဘာ့ဆဲတစ်၊ ဖရန့်ဒေါ့၊ မော်တန်တို့ ပါဝင်ခဲ့သလို အစွန်မှာ မာဘာရာနဲ့ ချမ်ဘာလို လူငယ်တွေကို ထုတ်သုံးခဲ့ပါတယ်။

ဒီပွဲမှာ အစွန်သမား နှစ်ဦးက အမှားတွေ အတော်လေး လုပ်ခဲ့ကြပြီး မိနစ် ၂၀ အတွင်းမှာပဲ ၃ ဂိုးပေးခဲ့ရတာပါ။ ဘာ့ဆဲတစ် ခြေစွမ်းအကောင်းဆုံး ဖြစ်ခဲ့ပြီး ကာဗာရိုနဲ့ ဖရန့်ဒေါ့တို့ထံက အလားအလာကောင်းတွေ မြင်ခဲ့ရပါတယ်။

သတင်းဆိုးကတော့ ဒုတိယပိုင်း ၁၂ မိနစ်လောက်မှာပဲ ဒူးဒဏ်ရာကို ဆေးကုသမှု ခံနေရတဲ့ ကိုနတေးကို လူစားလဲဖို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်ပါတယ်။ အခြေအနေက မစိုးရိမ်ရလောက်ဘူးဆိုပေမယ့် စွန့်စားမှု မလုပ်လိုတာကြောင့် ကိုနတေးကို ထုတ်ပြီး ဗန်ဒန်ဘတ်ကို ထည့်သွင်းခဲ့ပါတယ်။

ပွဲအပြီးမှာ ကလော့ပ်က “ အခြေအနေကို သေချာတော့ ကျနော်တို့ မသိရသေးပါဘူး။ ဒါပေမယ့် အီဘူးရဲ့ အခြေအနေက အရမ်းကြီး စိုးရိမ်နေစရာတော့ မဟုတ်ပါဘူး။ အချိန်ကောင်းလေးမှာပဲ သူ့ကို လူစားလဲနိုင်ခဲ့တာဖြစ်ဖို့ မျှော်လင့်ပါတယ် ” လို့ ဆိုခဲ့ပါတယ်။

ဒီကနေ့မှာ အီဘူးရဲ့ ဒဏ်ရာနဲ့ ပတ်သက်ပြီး စကန်ဖတ်မှာဖြစ်ကာ ရာသီစ အစောပိုင်း ပွဲအချို့ကို လွဲချော်တာ ဖြစ်သွားနိုင်ပါတယ်။ ဒီပွဲမှာတော့ အဖျားကြောင့် ကိတ်တာ မပါနိုင်ခဲ့သလို ဖူလ်ဟမ်နဲ့ပွဲကိုလည်း ဆက်ပြီး လွဲချော်ဦးမယ်လို့ ကလော့ပ်က အတည်ပြုပါတယ်။

မန်စီးတီးပွဲမှာ မိနစ်ပိုင်း ဝင်ကစားခဲ့တဲ့ ဂျုံးကိုတော့ ဒဏ်ရာ သံသယကြောင့် ဒီပွဲမှာ ချန်လှပ်ခဲ့ပြီး ဖူလ်ဟမ်နဲ့ပွဲမှာ လူစာရင်းထဲ ထည့်သွင်းနိုင်မလား စောင့်ကြည့်ဦးမှာဖြစ်ပါတယ်။ ဒီအပတ် စနေနေ့မှာတော့ လီဗာပူးရဲ့ ပရီးမီးယားလိဂ် ဘောလုံး ရာသီသစ်က စတင်ပြီ ဖြစ်ပါတယ်။