လီဗာပူးအသင်းရဲ့ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးရှင်ဟောင်း ဗန်ဒိုက်က နူးညက်စ်နဲ့ ပတ်သက်လို့ တိုက်တွန်းစကား ပြောဆိုပါတယ်။

အသက် ၂၃ နှစ်အရွယ် တိုက်စစ်မှူးကို ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၆၄ သန်းနဲ့အတူ လီဗာပူးက ၆ နှစ် စာချုပ်နဲ့ ခေါ်ယူထားတာပါ။ သူ့ရဲ့ ပွဲထွက်ခွင့်၊ စွမ်းဆောင်ရည်၊ ဆုဖလားနဲ့ တစ်ဦးချင်း ထူးချွန်ဆုတွေအပေါ် မူတည်ပြီး လီဗာပူးက ထပ်တိုး ပေါင် သန်း ၂၀ ထိ ပေးဖို့လည်း သဘောတူထားပါတယ်။

နူးညက်စ်ဟာ အနာဂတ်မှာ လီဗာပူးရဲ့ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးရှင် ဖြစ်သွားနိုင်တဲ့ ပေါင် ၈၅ သန်းတန် စာချုပ် ရှိထားသူဖြစ်လို့ သူ့အပေါ် စောင့်ကြည့်မှုတွေနဲ့အတူ ဖိအားကြီးတွေ ရှိနေသူဖြစ်ပါတယ်။

မန်စီးတီးကို ရင်ဆိုင်ကစားတဲ့ ကွန်မြူနတီဒိုင်းပွဲမှာ ကိုယ်တိုင် သွင်းဂိုး ရယူခဲ့သလို ဆာလာရဲ့ ပင်နယ်တီအတွက် ဖန်တီးပေးခဲ့တဲ့ နူးညက်စ်အတွက် ဗန်ဒိုက်က အားပေးစကား ပြောခဲ့ပါတယ်။

“ သူ့ရဲ့ သွင်းဂိုးက ကိစ္စကြီးဖြစ်ခဲ့ပါတယ်။ ကျနော်တို့အတွက်ကော၊ တစ်သင်းလုံး အတွက်ကောပါ။ အဲ့ဂိုး သွင်းနိုင်တာက အရေးကြီးပါတယ်။ သူကလည်း ကျနော်လို အနေအထားကို ရင်ဆိုင်နေရတာပါ။ ကိုယ်ရဲ့ ပြောင်းရွှေ့ကြေးဆိုတာနဲ့ ပတ်သက်ပြီး စဉ်းစားနေလို့ မရပါဘူး။

နူးညက်စ်က ပြောင်းရွှေ့ကြေးကို စဉ်းစားနေမယ် မထင်ပါဘူး။ သူက ခေါင်းကို ငုံ့ထားပြီး ဆက်ပြီး ကြိုးစားနေပါတယ်။ ကလပ်အတွက် ဒါကပဲ အရေးကြီးပါတယ်။ သူဘာလုပ်နေတယ်ဆိုတာကို နူးညက်စ်က ပြသခဲ့တယ်လို့ ထင်ပါတယ် ” ဆိုပြီး ဗန်ဒိုက်က ပြောပါတယ်။

ဗန်ဒိုက်က နူးညက်စ်ဟာ မော်ဒန်ခေတ် တိုက်စစ်သမားလို့ ကင်ပွန်းတပ်ခဲ့တယ်။ မာနေး မရှိတော့ပေမယ့် ခြားနားတဲ့ တိုက်စစ်သမားသစ်နဲ့အတူ အသင်းက ရှေ့ဆက်ရပါမယ်လို့ ဗန်ဒိုက်က ဆိုပါတယ်။

“ နူးညက်စ်က တိုက်ရိုက် ကစားနိုင်တယ်၊ ခံစစ်သမားတွေကို ကျော်ဖြတ် ပြေးလွှားနိုင်တယ်။ သူက မြန်တယ်၊ သန်မာတယ်။ ဒါကို အားလုံး မြင်ကြပါလိမ့်မယ်။

အရင်ကလည်း ပြောဖူးပါတယ်။ သူက မော်ဒန်ခေတ် တိုက်စစ်သမားပါ၊ ဟာလန်းကလည်း တူတူပါပဲ။ သူတို့မှာ တူညီတဲ့ အရည်အချင်းတွေရှိကြတယ်၊ ရင်ဆိုင်ကစားရ သိပ်ခက်ပါတယ်။

နူးညက်စ်က ဒါကို ပြသခဲ့ပါတယ်။ စီးတီးနဲ့ပွဲမှာ ပြိုင်ဘက်ကစားသမားတွေ နည်းနည်း ပန်းနေခဲ့ချိန် လူစားဝင်လာခဲ့တယ်။ သူက စီးတီးကို ပြဿနာတွေ ပေးခဲ့ပြီး လက်ထိဘော ယူခဲ့တယ်၊ ဂိုးလည်း သွင်းခဲ့ပါတယ်။

သူက ဆာဒီယိုနဲ့ မတူညီတဲ့ ကစားသမားပါ။ မတူညီတဲ့ အရည်အချင်းတွေ ရှိထားသူပါ။ အခုက အစကောင်းခဲ့တာ ဖြစ်ပါတယ်။ သူ ဂိုးတွေ အများကြီး သွင်းနိုင်ဖို့နဲ့ ကျနော်တို့တွေ ယုံကြည်မှု တိုးတက်လာဖို့ မျှော်လင့်ထားပါတယ် ” လို့ ဗန်ဒိုက်က ပြောဆိုခဲ့တာဖြစ်တယ်။