အန်ဖီးကွင်းမှာ ရာသီကြို နောက်ဆုံး ခြေစမ်းပွဲအဖြစ် ပြင်သစ်ကလပ် စတပ်ဘော့အသင်းတို့ ယှဉ်ပြိုင်တဲ့ ခြေစမ်းပွဲမှာ လီဗာပူးအသင်းက ၃-၀ နဲ့ အရေးနိမ့်ခဲ့ပါတယ်။

အသက် ၂၁ နှစ်အောက် အသင်း

ကိုနတေး၊ ဂျိုးဂိုမက်စ်နဲ့ ဂျိမ်းစ်မီလ်နာတို့ကလွဲရင် ကျန်တဲ့ ကစားသမားတွေအားလုံးက အသက် ၂၁ နှစ်အောက် ဖြစ်တာကြောင့် ဒီအသင်းကို ပရီးမီးယားလိဂ်တူးမှာ ကစားလို့တောင် ရပါတယ်။

စီနီယာ စတပ်ဘော့ ကစားသမားတွေဟာ လီဗာပူးရဲ့ အတွေ့အကြုံ မရင့်ကျက်တဲ့ လူငယ်ကစားသမားတွေ လုပ်ခဲ့တဲ့ အမှားအနည်းငယ်ကို အခွင့်ကောင်းယူနိုင်ခဲ့ပြီး ပထမဆုံးမိနစ် ၂၀ မှာ ၃ ဂိုး သွင်းယူခဲ့ပါတယ်။

အဲ့ဒီ့နောက် လီဗာပူးကစားသမားတွေဟာ အရှိန်ရလာခဲ့ပြီး ရုပ်ပိုင်းဆိုင်ရာ နိုးကြားတက်ကြွလာခဲ့သလို ဂိုးရှေ့မှာ ပိုမိုလွှမ်းမိုးပြီး ခြိမ်းခြောက်နိုင်လာခဲ့ပါတယ်။

တစ်ဂိုးလောက်ရခဲ့ရင် ကောင်းမှာဖြစ်ပေမယ့် ဒီလူငယ်ကစားသမားတွေဟာ ယခုပွဲကို ဘယ်ပြိုင်ဘက်ပဲဖြစ်ဖြစ် စီနီယာဘောလုံးလောကက ဘယ်လောက်ခက်ခဲလဲဆိုတာကို သတိရစရာအဖြစ်၊ သင်ခန်းယူစရာအဖြစ် မှတ်ယူလို့ရပါတယ်။

False 9 ကစားတဲ့ ဖေဘီယို

ဖေဘီယို ကာဗာရိုအနေနဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သန်မာမှု နည်းနည်းပိုရလာခဲ့ရင် အထောင်နေရာမှာ ကစားလိုရတယ်လို့ ယာဂင်ကလော့ပ်က မကြာသေးမီက မှတ်ချက်ပေးခဲ့ပါတယ်။

“ သူက ကျွန်တော်တို့အတွက် မတူညီတဲ့ နေရာများစွာမှာ ကစားပေးနိုင်ပါတယ်။ အခုချိန်မှာ သူ ကစားလို့ မရသေးတဲ့ နေရာကတော့ တောင်ပံနဲ့ နံပါတ် ၈ နေရာပေါ့။ သူ ကြွက်သားနည်းနည်း ပိုတိုးလာရင်တော့ false 9 အနေနဲ့ နံပါတ် ၁၀ နေရာမှာ ကစားလို့ရတယ် ” လို့ ကလော့ပ်က ဆိုပါတယ်။

ဂျိုတာ အနားယူနေရဆဲဖြစ်ပြီး တခြားတိုက်စစ်မှူးတွေ မပါဝင်ချိန်မှာ ကာဗာရိုဟာ စီစဉ်ထားတာထက် စောပြီး နောက်တန်းခိုင်တဲ့ စတပ်ဘော့ာ့နဲ့ပွဲမှာ False 9 နေရာကို ကစားခဲ့ရပါတယ်။ ရုပ်ပိုင်းဆိုင်ရာ အားနည်းတာကို အထင်အရှား မြင်ခဲ့ပေမယ့် တခါတလေမှာ သူ့ရဲ့ လှုပ်ရှားမှုဟာ ဖာမင်နိုကို မြင်ယောင်မိစေတယ်။

လက်တလောမှာ နေရာစုံကနေ သင်ယူနေဆဲဖြစ်ပေမယ့် အနာဂတ်မှာတော့ ကာဗာရိုဟာ နေရာတစ်နေရာကနေ စီနီယာပွဲထွက်ခွင့်ကို စိန်ခေါ်လာနိုင်ပါတယ်။

ခံစစ်စမ်းသပ်မှု

စတပ်ဘော့ာ့ရဲ့ ဒီရယ်လိုနဲ့ လူဒိုဗစ်တို့ တိုက်စစ်မှူးနှစ်ယောက်ကို ရင်ဆိုင်ခုခံရဖို့ တာဝန်ပေးခံခဲ့ရတဲ့ ကိုနတေးနဲ့ ဂျိုးဂိုမက်ဇ်တို့အတွက် ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ သူတို့အတွက်လည်း တွဲကစားခွင့် ကာလတိုဖြစ်ပေမယ့် အချင်းချင်းကြား နားလည်မှုတွေ တိုးပွားလာခဲ့မှာပါ။

ဒုတိယပိုင်း လူစားလဲမှုတွေနဲ့ ကိုနတေးရဲ့ ဒဏ်ရာအနည်းငယ်ကြောင့် နောက်တန်းလေးယောက်ဟာ ဒီပွဲမှာ မတူညီတဲ့ ပုံစံသုံးခု ဖြစ်ခဲ့ပြီး မိနစ် ၉၀ အတွင်း ဂျိုးဂိုမက်စ်က ကစားချိန် အပြည့်ရခဲ့ကာ အသုံးအဝင်ဆုံး ဖြစ်ခဲ့ပါတယ်။