လီဗာပူးကို ပြောင်းလာစ သီတင်းပတ်တွေမှာ စိတ်လှုပ်ရှားလွန်းတာကြောင့် အယောင်ယောင်အမှားမှား ဖြစ်ခဲ့ရပါတယ်လို့ ဒါဝင် နူးညက်စ်က ဝန်ခံလိုက်ပါတယ်။

အသင်းနဲ့ လေ့ကျင့်ရေး ၁ ကြိမ်ပဲ ဆင်းခဲ့အပြီးမှာ အသင်းရဲ့ ခြေစွမ်းပွဲအတွင်း စတင် ပါဝင်လာခဲ့တဲ့ နူးညက်စ်ဟာ သီတင်းပတ်တွေအကြာမှာတော့ စတင် အသားကျလာခဲ့ပါပြီ။

ဒါဝင်ဟာ ဖူလ်ဟမ်နဲ့ပွဲမှာ ပွဲထွက်လူစာရင်းက ပါဖို့ မသေချာသေးပေမယ့် မန်စီးတီးနဲ့ပွဲကို မိနစ် ၃၀ ကစားပြီး ကိုယ်တိုင် ၁ ဂိုးသွင်း ပင်နယ်တီ ၁ ကြိမ် ရှာဖွေပေးနိုင်ခဲ့ပါတယ်။

ဒါဝင် နူးညက်စ်က ” ရိုးရိုးသားသားပြောရရင် ပထမအပတ်တွေမှာ ကျနော် အတော်လေးကို တုန့်လှုပ်နေမိတယ်။ ဒါကြောင့်ပဲ ရိုးရှင်းတဲ့ ပေးမှုတွေကိုတောင် ကျနော် လွဲချော်နေခဲ့ပါတယ်။ အစပိုင်းမှာ အသင်းနဲ့အတူ အသားကျအောင် လုပ်ဖို့က အရမ်း ခက်ခဲနေခဲ့တာပါ။

ဒါပေမယ့် အချိန်တွေ ကြာလာတော့ အသင်းက ကျနော်ကို သက်သောင့်သက်သာ ခံစားလာရအောင် လုပ်ပေးခဲ့တယ်။ ဆာလာနဲ့ စကားပြောပြီး သူက အတော်လေး ကူညီပေးပါတယ်။ နောက်ပြီး ဘရာဇီး အသင်းဖော်တွေ၊ ဒီမှာ လူသစ်ပဲဖြစ်နေသေးတဲ့ လူးဝစ် ဒီယက်စ်တို့နဲ့ စကားပြောခဲ့ပါတယ်။

လီဗာပူးလို အသင်းကို ပြောင်းလာပြီး ဖိအားတွေ မရဖို့ဆိုတာက သိပ်ကို ခက်ခဲခဲ့ပါတယ်။ ဒါကို ကျနော် ခံစားမိခဲ့တယ်။

မန်နေဂျာက ကျနော်နဲ့ စကားတွေ အများကြီး ပြေားပေးပါတယ်။ သူက ကျနော်ကို အမြဲတမ်း တွန်းအားပေးနေပြီး ယုံကြည်မှုတွေ ပေးပါတယ်။ ဒါကြောင့်ပဲ ကွင်းထဲမှာ တုန့်ပြန်မှုတွေ ပြန်လုပ်ပြဖို့ ကျနော် ရည်မှန်းထားခဲ့တာပါ ” လို့ ဆိုခဲ့ပါတယ်။

အသင်းဖော်တွေနဲ့ လေ့ကျင့်ရေးတွေ ဆင်းခဲ့တာ စကားပြောခဲ့တာတွေက ကွင်းအတွင်း အချင်းချင်း နားလည်မှုတွေကို တိုးတက်လာစေပါတယ်။ တိုက်စစ်မှာ လှုပ်ရှားနေစဉ်အတွင်း ဆာလာ သူ့ကို ဘောလုံးပေးတော့မှာ နောက်ပြီး ရိုဘိုထံက ဘောလုံးရတော့မှာတွေကို ဒါဝင်က ခံစားမိနေခဲ့တယ်။

ဒါကြောင့်ပဲ နေရာယူမှန်မှန်နဲ့ ဧရိယာအတွင်း ကြိုးစားမှုတွေ လုပ်ခဲ့ရာက သွင်းဂိုးအတွက် အထောက်အပံ့ကောင်းကော ကိုယ်တိုင် အဆုံးသတ်မှုပါ လုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

“ အရမ်းကို လုံ့ဆော်မှုဖြစ်ပါတယ်။ နောက်ဆုံးရလိုက်တဲ့ အကြံပေးမှုက တည်ကန်ဘောတွေမှာ ဘယ်နေရာမှာနေ၊ ဘာတွေလုပ် ဆိုတာပါပဲ။ အဲ့တာပြီးတော့ ကိုယ်ဘာသာ ပျော်ပျော်ရွှင်ရွှင်နဲ့ ဖိအားကင်းကင်း ကစားဖို့ တိုက်တွန်းခံရတယ်။ အဲ့လို လုပ်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။

ပွဲထွက်ကတော့ အရမ်းကို လှပခဲ့တယ်။ ဆာလာနဲ့အတူ ခံစစ်ကနေ စတင်လာခဲ့တယ်။ သူကျော်ဖြတ်ပြေးမယ် ကျနော်ကို ဘောလုံးပေးမယ်ဆိုတာကို သိခဲ့တယ်။ ခေါင်းတိုက်ပေမယ့် ရူဘင်ရဲ့ လက်နဲ့ ထိခဲ့ပါတယ်။ နောက်ဆုံးမိနစ် ရိုဘို လုပ်ပေးတော့မှာကိုသိလို့ ဧရိယာထဲ ပြေးသွားတာက ကံကောင်းစွာ အလုပ်ဖြစ်ခဲ့ပါတယ်။

လီဗာပူးနဲ့အတူ ကျနော်ရဲ့ ပထမဆုံး ဆုတစ်ခုကို ရခဲ့တာက သိပ်ကောင်းပါတယ်။ ဒါပေမယ့် ဒါက အခုမှ အစဖြစ်ပါတယ်။ ခရီးရှည်ကြီး ရှိနေပါသေးတယ်၊ လှပတဲ့ ခရီးလမ်းက ရှေ့မှာ စောင့်ကြိုနေပါတယ်။ အသင်းအတွက် အကောင်းဆုံး ကူညီပေးနိုင်ဖို့ ကြိုးစားသွားမှာပါ ” လို့ ဒါဝင်က ဆိုသွားခဲ့ပါတယ်။

ဒီရာသီမှာ လီဗာပူးအသင်းအတွက် ဒါဝင် ဘယ်လောက်ထိ လုပ်ပြနိုင်မလဲဆိုတာ မြင်ရဖို့ အသင်းပရိသတ်တိုင်း အတော်လေး စိတ်လှုပ်ရှားနေမှာပဲ ဖြစ်ပါတယ်။