ခံစစ်မှူးကြီး ဗန်ဒိုက်ကတော့ ဒါဝင် နူးညက်စ် အနေနဲ့ လီဗာပူးရဲ့ နံပါတ် ၉ နေရာမှာ ကစားဖို့ရာ အကောင်းဆုံး သင်ယူနိုင်မယ့်သူက ဖာမင်နိုအပြင် မရှိပါဘူးလို့ အသိပေးလိုက်ပါတယ်။

ဘရာဇီး တိုက်စစ်မှူးဟာ လီဗာပူးအသင်းမှာ False 9 ကစားသူဖြစ်ပြီး ကွင်းတွင်းမှာ အသင်းရဲ့ နည်းစနစ်ကို ဦးဆောင်သူလို့ ထင်ရှားပါတယ်။ ဒီနှစ်တွေအတွင်း ဒဏ်ရာကြောင့် ပုံမှန်ပွဲထွက်ပေးနိုင်ခြင်း မရှိပေမယ့်လို့ ယာဂင်ကလော့ပ် လက်ထက် လီဗာပူးအသင်းရဲ့ ပွဲထွက် အများဆုံး ကစားသမား ၂ ဦးထဲက ၁ ဦးလည်းဖြစ်ပါတယ်။

ဧရိယာအတွင်းမှာ အဆုံးသတ်ဖို့ကို အမြဲဆာလောင်နေတတ်သူ မဟုတ်တဲ့ ဘော်ဘီဟာ ခြားနားစွာပဲ တိုက်စစ်ကနေ စတင်ခုခံဖို့၊ အသင်းဖော်တွေနဲ့ တွဲဘက်ဖို့နဲ့ အကျဉ်းအကျပ်ထဲမှာ ဘောလုံးပြန်ရရေး တိုက်ခိုက်ဖို့အတွက် အဓိက ကစားနိုင်သူဖြစ်ပါတယ်။

ဖာမင်နိုရဲ့ ကစားဟန်ကိုမှ ဂိုးသွင်းဆာလောင်တဲ့ ကိုယ်ပိုင်ဟန်နဲ့ ပေါင်းစပ် ကစားဖို့ကို ဒါဝင် နူးညက်စ် ကြိုးစားသင့်တယ်လို့ ဗန်ဒိုက်က မြင်ပါတယ်။

” နူးညက်စ်က ဆက်ပြီး ကြိုးစားနေတယ်၊ လေ့လာနေပါတယ်။ ကျနော်တို့ ကစားတဲ့ နည်းလမ်းမှာ တိုက်စစ်သမား တစ်ယောက်က ခံစစ်ကိုလည်း အများကြီး ကူညီပေးဖို့ လိုအပ်ပါတယ်။ တိုက်စစ်သမားတွေက ဒီအပိုင်းကို လေ့လာကြရပါတယ်။

ဒီအပိုင်းတွေမှာ ဘော်ဘီက သိသိသာသာကို ဆရာကျပါတယ်။ တိုက်စစ်မှူး နေရာကနေ အကောင်းဆုံး ကစားနေသူတွေထဲမှာ ဘော်ဘီက ထိပ်တန်းတွေထဲက တစ်ဦးဖြစ်ပါတယ်။

ဒါဝင် အနေနဲ့ ဘော်ဘီထံကနေ သင်ယူဖို့ လိုပါတယ်။ ဒါ့အပြင် ကျော်ဖြတ်ပြေးနိုင်စွမ်းရှိတဲ့ သူ့ရဲ့ ကိုယ်ပိုင် အရည်အချင်းတွေကိုလည်း ပွဲတွေအတွင်းမှာ ရောနှောလုပ်ဆောင်နိုင်တာက ကောင်းပါလိမ့်မယ်။

ဒါဝင်က ကိုယ်ပိုင် အရည်အချင်းတွေနဲ့ပါ ပွဲတွေမှာ ပေါင်းစပ် လုပ်ဆောင်နိုင်ပါတယ်၊ သူက တိုက်စစ်ကနေ ခုခံမှုတွေကိုလည်း လုပ်နိုင်ပါလိမ့်မယ် ” လို့ ဗန်ဒိုက်က ဆိုခဲ့တာ ဖြစ်ပါတယ်။

နူးညက်စ်ဟာ အခုချိန်ထိတော့ အသင်းဖော်တွေနဲ့ အသားကျလာရေး ကြိုးစားနေရဆဲဖြစ်ပါတယ်။ အသက် ၂၃ နှစ်အရွယ် တိုက်စစ်သမားဟာ လီဗာပူးအသင်းနဲ့ ရေရှည် အနာဂတ် ရှိထားသူဖြစ်ကာ မကြာခင် လတွေမှာ သူ့ထံကနေ ပိုကောင်းတဲ့ စွမ်းဆောင်ရည်တွေ ထပ်မြင်ရဖို့ ရှိနေသေးတာဖြစ်ပါတယ်။