လီဗာပူးအသင်းဟာ တိုက်စစ်မှူး ဂျိုတာကို စာချုပ်သစ်ပေးဖို့ စကားပြောနေမှု အတော်လေး ခရီးပေါက်နေပါပြီလို့ အသင်းသတင်းထောက် Chris Bascombe က တယ်လီဂရပ်ကနေ ပြောပါတယ်။

၂၀၂၀ မှာ ပေါင် ၄၅ သန်းနဲ့ ခေါ်ယူထားတဲ့ တိုက်စစ်သမားကို လုပ်ခပိုင်း ပိုပြီး တိုးပေးမယ့် စာချုပ်သစ် ပေးသွားမှာဖြစ်ကာ ကာလရှည် စာချုပ်လည်း ဖြစ်လာလိမ့်မယ်လို့ သိရတယ်။ လက်တလောမှာတော့ ဒဏ်ရာကြောင့် အနားယူနေရတဲ့ ဂျိုတာဟာ ဖူလ်ဟမ်နဲ့ပွဲကို ဆက်လက် လွဲချော်ပါဦးမယ်။

ယာဂင်ကလော့ပ်ရဲ့ အသွင်ပြောင်းမှုမှာ လီဗာပူးတိုက်စစ်အတွက် အဓိက အသင်းသားတစ်ဦး ဖြစ်လာနေတဲ့ ဂျိုတာဟာ ပြိုင်ပွဲစုံ ၈၅ ပွဲမှာ သွင်းဂိုး ၃၄ ဂိုးထိ ရယူထားသူပါ။ သူဟာ အနာဂတ်မှာ နူးညက်စ်၊ ဒီယက်စ်တို့နဲ့အတူ လီဗာပူးတိုက်စစ်ရဲ့ အဓိက ကစားသမားဖြစ်လာမယ့်သူလို့ ရည်ရွယ်ခံထားရပါတယ်။

ကလော့ပ်က တိုက်စစ် ၃ ယောက်တန်းမှာ ဆာလာ၊ နူးညက်စ်၊ ဒီယက်စ်၊ ဂျိုတာ၊ ဖာမင်နိုတို့ကို အလှည့်ကျ ပွဲထုတ်ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။ တံကောက်ကြော ဒဏ်ရာကနေ ပြန်သက်သာလာပြီးနောက် လေ့ကျင့်ရေးမှာ ပြန်လည် ဒဏ်ရာရခဲ့တဲ့ ဂျိုတာရဲ့ အခြေအနေကို အသင်းဘက်ကတော့ အလျင်စလို မလုပ်ပါဘူး။

လီဗာပူးအသင်းဟာ အကယ်ဒမီကနေ စီနီယာအသင်းထံ တက်လှမ်းလာတဲ့ အသင်းဆရာဝန် Jim Moxon နဲ့လည်း ဒီနွေမှာ လမ်းခွဲခဲ့ပါတယ်။ လက်တလောမှာတော့ အဆိုပါ ရာထူးအတွက် အချိန်ပြည့် တာဝန်ယူပေးမယ့်သူကို ခန့်အပ်ရေး အသင်းဘက်က ကြိုးစားနေတယ်လို့ သိရတာ ဖြစ်ပါတယ်။