လက်ရှိ ဖူလ်ဟမ်အသင်းကို ကိုင်တွယ်နေတဲ့ အဲဗာတန် နည်းပြဟောင်း ဆေးဗားက လီဗာပူးကို ရင်ဆိုင်ဖို့ သူ့အသင်းသားတွေ အဆင်သင့် ဖြစ်နေပါပြီလို့ ဆိုပါတယ်။

ဖူလ်ဟမ်အသင်းက ရာသီသစ်အတွက် အဆင်သင့်ဖြစ်နေပြီးလား မေးခွန်းကို ဆေးဗားက “မဖြစ်သေးပါဘူး ” လို့ တုန့်ပြန်ပါတယ်။ ဆက်ပြီး “ ဒီကစားသမားတွေကတော့ ပရီးမီးယားလိဂ်အတွက် အဆင်သင့် ဖြစ်နေပါပြီ ” ဟု ဖွင့်ပြောခဲ့တယ်။

ပရီးမီးယားလိဂ်ကို တန်းတက်လာတဲ့ ဖူလ်ဟမ်အသင်းဟာ နွေမှာ ကာဗာရိုကို လီဗာပူးအသင်းထံ လက်လွတ်ရအပြီး လူသစ် ၄ ဦး ခေါ်ယူထားပါတယ်။ သူတို့အသင်းဟာ ရာသီ အစပိုင်းပွဲတွေကို အင်ပြည့်အားပြည့် ပါဝင်ဖို့ အဆင်သင့်ဖြစ်နေပေမယ့် တစ်ရာသီလုံး ယှဉ်ပြိုင်ရမယ့် အနေအထားအတွက် လူအင်အား နည်းပါးနေတာပါ။

ဆေးဗားက “ အခုချိန်မှာ ကျနော်တို့ ရထားတဲ့ ကစားသမားတွေနဲ့ ပတ်သက်လို့တော့ သူတို့ လုပ်ခဲ့တာတွေအတွက် ဂုဏ်ယူကြောင်း ပြောချင်ပါတယ်။ အသင်းတစ်သင်း၊ အစုအဖွဲ့ တစ်ခု အနေနဲ့တော့ ကျနော်တို့ အဆင်သင့် မဖြစ်သေးပါဘူး။ ကစားသမားတွေ အနေနဲ့ဆိုရင် အသင်းသားတွေက အဆင်သင့် ဖြစ်နေပါပြီ။

သူတို့တွေကို အခြေအနေနဲ့ ပတ်သက်ပြီး အချိန်တွေ အများကြီးပြီး မပြောချင်ဘူး။ အခုချိန်မှာ ကျနော်တို့ စီနီယာကစားသမား ၁၆ ဦးရှိတယ်။ ပရီးမီးယားလိဂ်ကို စီနီယာ ၁၆ ဦးနဲ့ ယှဉ်ပြိုင်ဖို့က မဖြစ်နိုင်ဘူး။

ထပ်ပြောမယ်ဗျာ။ ဘောလုံးရာသီ တစ်ခုကို ခံစစ်မှူး နှစ်ဦးလောက်နဲ့ ကျော်ဖြတ်လို့ မရဘူး။ ပရီးမီးယားလိဂ်ဆိုတဲ့ အဆင့်အတွက် ကျနော်တို့မှာ ခံစစ်သမား ၂ ဦးပဲ ရှိတယ်။ ကျနော်ကတော့ ဆက်လုပ်မှာပဲ၊ ရပ်တန့်နေမှာ မဟုတ်ဘူး။ ဒီထက် ပိုမပြောချင်တော့ပါဘူး။ ခင်ဗျားတို့ မေးလို့ ပြောရတာပါ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

လာမယ့် စနေနေ့မှာတော့ ဖူလ်ဟမ်နဲ့ လီဗာပူးတို့ဟာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ထိပ်တိုက် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ ဒီပွဲအတွက် ပွဲထွက်လူစာရင်း တောင့်တင်းနေပါမယ်လို့ ကလော့ပ်က ပြောဆိုထားပါသေးတယ်။