‘All or Nothing: Arsenal’ ရဲ့ နောက်ထပ်အပိုင်းတွေ ထွက်ပေါ်လာရာမှာ အာဆင်နယ်ရဲ့ လေ့ကျင့်ရေးအတွင်း လီဗာပူးသံစဉ်ဖြစ်တဲ့ ‘You’ll Never Walk Alone’ နဲ့အတူ အာတီတာက လေ့ကျင့်ရေးဆင်းစေတဲ့ အပိုင်းတွေ ပါဝင်လာခဲ့ပါတယ်။

၂၀၂၁-၂၀၂၂ ဘောလုံးရာသီမှာ အာဆင်နယ်အသင်း ဘာတွေဖြစ်ခဲ့လဲ ဆိုတာကို စီးရီးအဖြစ် ရိုက်ကူးထားရာမှာ လီဗာပူးနဲ့ သက်ဆိုင်တဲ့ အပိုင်းတွေ ပါဝင်ခဲ့တာပါ။ ယခင် မန်စီးတီးရဲ့ စီးရီးမှာလည်း ဂွာဒီယိုလာက ဆာလာ၊ မာနေး၊ ဖာမင်နို တိုက်စစ်ကို ဟန့်တားဖို့ ခေါင်းစားနေတာမျိုး ပါဝင်ခဲ့ဖူးပါတယ်။

အာတီတာကတော့ အန်ဖီးရဲ့ ဖိအားကို အတော်လေး ထိတ်လန့်နေခဲ့တာဖြစ်တယ်။ ထွက်ပေါ်နေတဲ့ ဗီဒီယိုမှာတော့ အာတီတာက လေ့ကျင့်ရေးကွင်းကို စပီကာကြီး နှစ်ခု ကိုယ်တိုင် မလာခဲ့ပြီး ‘You’ll Never Walk Alone’ သီချင်းကို စဖွင့်နေခဲ့တယ်။

အာတီတာက ပြောရာမှာ ” ထူးထူးဆန်းဆန်း အကြံတစ်ခုရထားတယ်။ ဒီနေ့မှာ အားလုံးက ‘You’ll Never Walk Alone’ သီချင်း ဖွင့်ထားပြီး လေ့ကျင့်ရပါမယ် ” လို့ အာတီတာက သူ့ဝန်ထမ်းတွေနဲ့ အသင်းသားတွေကို ပြောခဲ့ပါတယ်။

သူကပဲ ဆက်ပြီး ပြောရာမှာ ” အန်ဖီးမှာ ကိုယ်တိုင် တစ်ကြိမ်ကစားခဲ့တယ်။ ပွဲက အတော်လေးအဆင်ပြေပါတယ်။ ရုတ်တရတ်ပဲ အန်ဖီးပရိသတ်ထုကြီးက ထကြွလာကြပါလေရော။ အဲ့မှာ ပွဲက ငါ့အပေါ် လွှမ်းမိုးသွားခဲ့ပြီး ကောင်းကောင်း မတုန့်ပြန်နိုင်တော့ဘူး။

လူတွေက ကွင်းထဲမှာ ငါတလွဲတွေ လုပ်နေတယ်လို့ ပြောကြတယ်။ ငါကလည်း အဲ့ကနေကို ရုန်းမထွက်နိုင်ခဲ့ဘူး။ စိတ်ပိုင်းဆိုင်ရာအရကော၊ ရုပ်ပိုင်းဆိုင်ရာအရပါ အန်ဖီးကွင်းရဲ့ ဖိအားတွေကို မကိုင်တွယ်နိုင်တော့ဘူး။ ကိစ္စတွေက ခပ်မြန်မြန်ပဲ ဖြစ်သွားခဲ့တာပါ။

ကစားသမားဘဝတစ်လျှောက်လုံး အဲ့လိုဖြစ်ရပ်မျိုး တစ်ကြိမ်ပဲဖြစ်ခဲ့တယ်။ အဲ့တာက အန်ဖီးမှာပါပဲ ” လို့ဖြစ်ပါတယ်။

လေ့ကျင့်ရေးကွင်းမှာတော့ အာတီတာက ‘အခုရောက်နေတာ အန်ဖီးကွ၊ လုပ်ထားကြစမ်းပါ’ ဆိုကာ ဆူညံနေစွာ ဖွင့်ထားတဲ့ လီဗာပူးသံစဉ် နောက်ခံထားပြီး အာဆင်နယ်အသင်းသားတွေကို ပြင်ဆင်ပေးနေခဲ့တယ်။

အာတီတာရဲ့ အသင်းဟာ မျှော်လင့်ထားသလို အန်ဖီးကွင်းမှာ အဖွင့်ကောင်းကောင်း ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လို့ ကလော့ပ်နဲ့သူ ပြဿနာဖြစ်ရာကနေ ကလော့ပ်က အန်ဖီးပရိသတ်တွေကို ထကြွပေးဖို့ တောင်းဆိုချိန်မှာတော့ အာဆင်နယ်ဟာ စတင် ရုန်းကန်သွားရပြီး ပွဲကို ၄-၀ နဲ့ အရေးနိမ့်သွားခဲ့တာ ဖြစ်ပါတယ်။