ဒီနွေ ရာသီကြိုမှာ ပရိသတ်တွေ မျှော်လင့်နေတဲ့ ကိစ္စ တစ်ခုကတော့ ယာဂင်ကလော့ပ် ထံကနေ စနစ်အပြောင်းအလဲ ကျင့်သုံးလာတာ မြင်တွေ့ရမလားဆိုတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။

ကလော့ပ်လက်ထက် ရှားရှားပါးပါးသော နံပါတ် ၉ သမားစစ်စစ်အဖြစ် နူးညက်စ် ရောက်လာခြင်း၊ ကွင်းလယ်တိုက်စစ်သမား ကာဗာရိုကို ခေါ်ယူခြင်းတွေနဲ့အတူ စနစ်သစ် ကိစ္စတွေက ပြောစရာဖြစ်လာခဲ့တယ်။ ဒါက ဖြစ်နိုင်ဖွယ်ရှိတဲ့ ကိစ္စဆိုတာကို ကလော့ပ် ကိုယ်တိုင်က ထုတ်ပြောထားခဲ့ပါတယ်။

ဘန်ကောက်က အင်တာဗျူးမှာ ကလော့ပ်က “ ကျနော်တို့ ကွင်းလယ်လူ နှစ်ဦးပဲ ထည့်သွင်းဖို့ လိုအပ်မယ့် မတူညီတဲ့ စနစ်တွေကိုလည်း သုံးနိုင်ပါတယ်။ ဟာဗေး၊ ဖေဘီယိုနဲ့ ကာတစ်တို့က စနစ်သစ်မှာ နံပါတ် ၁၀ နေရာက ကစားနိုင်ပါတယ် ” လို့ ဆိုခဲ့ပါတယ်။

အဆိုပါ ပြောဆိုမှုကြောင့်ပဲ ကွင်းလယ်လူ ၂ ဦးပဲ ပါမယ့် ၄-၂-၃-၁ ကို ကလော့ပ် ပြန်သုံးနိုင်တယ်လို့ ယူဆခဲ့ကြတာပါ။ အဆိုပါ ကစားကွက်ဟာ ဒေါ့မွန်အသင်းမှာ ကလော့ပ် အဓိက အသုံးပြုခဲ့သလို လီဗာပူးအသင်းမှာလည်း ပွဲအချို့အတွင်း ဒီအခင်းအကျင်းကို ထုတ်သုံးလာခဲ့ဖူးပါတယ်။

လီဗာပူးနည်းပြဘဝမှာ ယာဂင်ကလော့ပ်ဟာ ၄-၃-၃ ကစားကွက်ကို ပွဲပေါင်း ၃၀၀ လောက် အသုံးပြုခဲ့တယ်။ သူဟာ ၄-၂-၃-၁ ကို ၃၅ ကြိမ် အသုံးပြုခဲ့ပြီး ၄-၄-၂ ကိုတော့ ၁၃ ကြိမ် အသုံးပြုခဲ့တယ်။ လီဗာပူးအသင်းဟာ ရမှတ်တွေရဖို့ တောင်ပံ ဧရိယာတွေကို အားပြုရပါတယ်။

လီဗာပူးလူစာရင်းမှာ ကွင်းလယ်ပိုင်းဟာ အားအနည်းဆုံးဖြစ်ပေမယ့် တိုက်စစ်ပိုင်းမှာ အရည်အချင်းကောင်းတွေ ပေါများနေတာပါ။ ပြီးခဲ့တဲ့ ဘောလုံးရာသီတွေမှာ တောင်ပံသမားတွေရဲ့ သွင်းဂိုးကိုပဲ အားကိုးနေရတာကြောင့် တိုက်စစ်မှူး ဒါမှမဟုတ် ကွင်းလယ်တိုက်စစ်သမားထံက သွင်းဂိုးရဖို့ကို ပရိသတ်တွေ လိုလားနေခဲ့ကြပါတယ်။

ဒါပေမယ့်လည်း ရာသီကြို ပွဲစဉ် ၆ ပွဲလုံး တစ်ပွဲမှ ကြီးကြီးမားမား စနစ်ပြောင်းခဲ့တာ မရှိဘဲ ၄-၃-၃ နည်းစနစ်ကိုပဲ ဗဟိုပြုသွားခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အနည်းဆုံးသော နူးညက်စ်နဲ့ ကာဗာရိုတို့ အထိုင်ကျလာမယ့် ရာသီဝက်ထိ စနစ်ပြောင်းကစားဖွယ် မရှိဘူးလို့ ယူဆရတာဖြစ်ပါတယ်။