၂၀၂၁-၂၀၂၂ ဘောလုံးရာသီ အကုန်ပိုင်းမှာ ဆာလာရဲ့ ခြေစွမ်း ကျဆင်းခဲ့တာက စာချုပ်ကိစ္စနဲ့ ပတ်သက်ပြီး လူတွေရဲ့ တုန့်ပြန်မှုကြောင့်လို့ ဗန်ဒိုက်က မှတ်ချက်ပေးခဲ့ပါတယ်။

ဘောလုံးလောကရဲ့ လွှမ်းမိုးမှု အကြီးမားဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်တဲ့ ဆာလာဟာ လီဗာပူးအသင်းရဲ့ အဓိက တိုက်စစ်သမားဖြစ်သလို အီဂျစ်နိုင်ငံရဲ့ မျှော်လင့်ချက် ကစားသမားလည်း ဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံအသင်းရဲ့ အာဖရိကဖလားနဲ့ ကမ္ဘာဖလား ဝင်ခွင့်တွေက ဆာလာ ပုခုံးပေါ် ပုံကျလာခဲ့တယ်။

လက်ရွေးစင်အသင်းအတွက် အောင်မြင်မှုတွေ မရှာပေးနိုင်ချိန်မှာ စာချုပ် သက်တမ်းမတိုးတာအတွက် လီဗာပူးပရိသတ်တွေရဲ့ အလိုမကျခြင်းကိုလည်း ဆာလာက ရင်ဆိုင်ခဲ့ရပါတယ်။ ဒီအခြေအနေတွေကပဲ ဆာလာအပေါ် သက်ရောက်မှုကြီးခဲ့ပြီး စွမ်းဆောင်ရည် ကျဆင်းမှုတွေ ဖြစ်စေခဲ့တယ်လို့ ဗန်ဒိုက်က မြင်ပါတယ်။

ဗန်ဒိုက်က “ ရာသီအကုန်ပိုင်းမှာ ပြောရရင် ဧပရယ်လကနေ ရာသီကုန်ထိပေါ့ဗျာ။ ဆာလာရဲ့ စာချုပ်အကြောင်းပဲ လူတွေက စကားပြောနေခဲ့ကြပါတယ်။ ကျျနော်တို့ အားလုံးကလည်း လူသားတွေပါ။ ဒီကိစ္စကပဲ ကံမကောင်းစွာနဲ့ ဆာလာအပေါ် အနည်းငယ် သက်ရောက်မှုတွေ ရှိခဲ့တာပဲ ဖြစ်ပါလိမ့်မယ်။

ဒါပေမယ့် သူက အမြင့်ဆုံး အဆင့်မှာ ကစားနိုင်တယ်ဆိုတာနဲ့ အရည်အချင်းကို ဆက်ပြီး ပြသခဲ့တယ်။ ဘာအတွေးမှ မထားဘဲ သူကစားခဲ့တယ်။ လီဗာပူး ရှိနေရတာကို ဆာလာက တကယ်ပျော်ပါတယ်။ လူတိုင်းကလည်း သူဒီမှာ ရှိနေတာကို ပျော်ကြပါလိမ့်မယ်။

ကုန်ခဲ့တဲ့ ၃ နှစ်ကျော်မှာ ဒါကို သူပြခဲ့ပြီးပါပြီ။ ဆာလာက တချိန်လုံး စောင့်ကြည့်ခံနေရတဲ့ ကစားသမားပါ။ သူက သူ့ကိုယ်တိုင်ပဲ ဒီလို ကစားသမားကောင်းဖြစ်လာဖို့ တည်ဆောက်ခဲ့သူပါ။ ကျနော် အမြင်မှာတော့ အချိန်တိုင်းမှာ သူ့ထံကနေ တည်ငြိမ်တဲ့ ခြေစွမ်းကို မြင်ရလေ့ ရှိပါတယ် ” လို့ ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဒီရာသီကြိုမှာတော့ လီဗာပူးအသင်းသားတွေထဲ ခြေစွမ်း အကောင်းဆုံးအဖြစ် ဆာလာကပဲ ချွန်ထွက်လာနေခဲ့ပါတယ်။ ပရီးမီးယားလိဂ်သမိုင်းမှာ တစ်ရာသီအတွင်း သွင်းဂိုး အများဆုံး တိုက်စစ်မှူးအဖြစ် ၃၂ ဂိုး ရခဲ့ဖူးတဲ့ ဆာလာဟာ ရာသီသစ်မှာ အစွမ်းကုန် ပေါက်ကွဲပြဖို့ လီဗာပူးပရိသတ်တိုင်း မျှော်လင့်နေတာပဲ ဖြစ်ပါတယ်။