လီဗာပူးအသင်းရဲ့ စီနီယာအသင်းသားတွေထဲက အချို့ဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲဖြစ်တဲ့ ဖူလ်ဟမ်နဲ့ပွဲကို ပါဝင်နိုင်ကြတော့မှာ မဟုတ်ပါဘူး။

ကာတစ်ဂျုံးက လေ့ကျင့်ရေးမှာ ရသွားခဲ့တဲ့ ခြေသလုံးဒဏ်ရာကြောင့် အနားယူနေရတာဖြစ်ပြီး ဒဏ်ရာရဲ့ ပြင်းထန်မှု အခြေအနေကို သိနိုင်ဖို့ အထူးကျွမ်းကျင်သူနဲ့ ပြသကာ အဖြေစောင့်နေပါတယ်။ ဒီဒဏ်ရာဟာ ၂ ပတ်ကနေ ၄ ပတ်ထိ အနားယူရနိုင်တဲ့ ဒဏ်ရာဖြစ်တယ်။

စစ်ဆေးချက်ရလဒ်တွေ ထွက်ပေါ်လာခဲ့ရင် ဒဏ်ရာရဲ့ အတိမ်အနက်ကို ပိုပြီး သိရမှာဖြစ်ပါတယ်။ အသက် ၂၁ နှစ်အရွယ် ကွင်းလယ်လူဟာ ကွန်မြူနတီဒိုင်းပွဲအဖြစ် မန်စီးတီးကို ၃-၁ နဲ့ အနိုင်ရစဉ် လူစားဝင်လာခဲ့ပြီးတည်းက လူစာရင်းကနေ ပျောက်ကွယ်နေခဲ့တာပါ။

လက်တလော အန်ဖီးက ပုံရိပ်တွေမှာတော့ ခြေထောက်ကို အကာအကွယ်ဖိနပ် တပ်ဆင်ထားတာကို မြင်ထားရပါတယ်။ သြဂုတ်လ တစ်လလုံး လီဗာပူးပွဲတွေကို လွဲချော်နိုင်တဲ့ ဂျုံးဟာ မနှစ်ကရာသီမှာ လီဗာပူးအတွက် ၂၇ ပွဲ ကစားပေးခဲ့တာ ဖြစ်ပါတယ်။

နောက်ထပ် ကွင်းလယ်လူဖြစ်တဲ့ ချိန်ဘာလိန်ကတော့ ဒဏ်ရာကြောင့် ၂-၃ လ ဝန်းကျင် အနားယူရနိုင်ပါတယ်။ ဒဏ်ရာကနေ ပြန်သက်သာလာရင်တောင် ပြန်လည် ထူထောင်ရေးတွေကို ထပ်လုပ်ရဦးမှာပါ။ သူပြန်သက်သာလာချိန်ဟာ ကမ္ဘာဖလားပြိုင်ပွဲ ကျင်းပနေတာကြောင့် ဘောလုံးရာသီ ရပ်နားထားတဲ့ကာလ ဖြစ်နေပါလိမ့်မယ်။

အီဘူးရဲ့ ဒဏ်ရာကတော့ ရက်အတိအကျ ထုတ်ပြောခဲ့တာ မဟုတ်ပေမယ့် အချိန်တစ်ခု ယူရမယ်ဆိုတာ သေချာခဲ့ပါတယ်။ လက်ရှိ လီဗာပူးမှာ ဗန်ဒိုက်၊ မာတစ်တို့အတွဲက အဓိက ပွဲထွက်မှာဖြစ်ပြီး အရန်မှာ ဂိုးမက်စ် ရှိနေပါမယ်။ လက်တလောထိ နက်ဖီးလစ်နဲ့ ဗန်ဒန်ဘတ်တို့ အသင်းကနေ ထွက်ခွာမသွားသေးပါဘူး။

အီဘူးကတော့ “ ကံမကောင်းစွာပဲ ကွင်းပြင်ပမှာ အချိန်တစ်ခုကြာ နေရပါဦးမယ်၊ ဒါပေမယ့် အရမ်းတော့ မကြာပါဘူး။ ကွင်းထဲ ပြန်ဝင်လာနိုင်ဖို့ အကောင်းဆုံး လုပ်ဆောင်မှာဖြစ်သလို ပိုသန်မာစွာ ပြန်လာဖို့နဲ့ အသင်းဖော်တွေကို အားပေးမှုတွေ ဆက်လုပ်နေမှာပါ ” လို့ ဆိုခဲ့တာပဲ ဖြစ်ပါတယ်။

တိုက်စစ်မှူး ဂျိုတာကတော့ သူ့ရဲ့ စာချုပ်သစ် လက်မှတ်ထိုးစဉ်မှာ အချိန်နည်းနည်း ယူရဦးမယ်လို့ ပြောဆိုထားခဲ့ပြီး ဘယ်လောက်ကြာမလဲဆိုတာ မပြောပြခဲ့ပါဘူး။ လီဗာပူးသတင်းထောက်တွေကတော့ ၂ ပတ်ကနေ ၃ ပတ်ကျော်ထိ အနားယူရမယ်လို့ ထုတ်ပြောထားတာ ဖြစ်ပါတယ်။