စနေနေ့မှာ ပရီးမီးယားလိဂ် ဘောလုံးရာသီသစ် စတင်သွားမှာဖြစ်သလို ၂၀၂၂-၂၀၂၃ ဘောလုံးရာသီရဲ့ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်လိုရင် အောက်ပါ အပြောင်းအလဲတွေကို အသင်းက လုပ်ပြနိုင်ဖို့ လိုအပ်မှာဖြစ်ပါတယ်။

(၁) မန်စီးတီးဆီက လေးမှတ်ယူဖို့

အင်္ဂလန်ထိပ်သီး နှစ်သင်းဟာ ပရီးမီးယားလိဂ်ဖလားအတွက် ထပ်မံပြီး ထိပ်တိုက်ယှဉ်ပြိုင်ကြမှာဖြစ်ကာ လီဗာပူးအနေနဲ့ မန်စီးတီးဆီက အမှတ်တွေကို တခြားပြိုင်ဘက် ၁၈ သင်းကပဲ ယူသွာနိုင်းဖို့ မျှော်လင့်နေလို့ မရပါဘူး။

ထိပ်ဆုံးအဆင့်မှာ အမှားသေးသေးလေးတောင် ဖြစ်လို့ မရတာနဲ့အတူ စီးတီးထံက အနည်းဆုံးလေးမှတ်ကို ရယူနိုင်မှ ဖြစ်မှာပါ။ လီဗာပူးအသင်းဟာ အဆင့်လေးရခဲ့တဲ့ ၂၀၁၆-၁၇ ရာသီနောက်ပိုင်း တစ်ရာသီအတွင်း မန်စီးတီးထံက ၃ မှတ်ထက် ပိုမရယူနိုင်ခဲ့ပဲ နှစ်ကြိမ်တိုင် တစ်မှတ်ထဲနဲ့ ဖလားလက်လွှတ်ခဲ့ရပါတယ်။

ဒါဟာ ချန်ပီယံဖြစ်လိုရင် လီဗာပူး လုပ်နိုင်ရမယ့် ကိစ္စဖြစ်ပြီး နှစ်ပွဲကစား ၆ မှတ်ရနိုင်မယ့်ထဲက ၄ မှတ်တော့ မဖြစ်မနေ ယူဖို့က အသင်းရဲ့ ရည်မှန်းချက် ဖြစ်ရပါမယ်။

(၂) သရေပွဲတွေကို နိုင်ပွဲအဖြစ် ပြောင်းလဲဖို့

၃၈ ပွဲမှာ ၈ ပွဲသရေဆိုတာ အရေးတကြီး စိုးရိမ်စရာ မဟုတ်ပေမယ့် လီဗာပူးအသင်းဖြစ်နေတဲ့အတွက် အဲ့ဒီ့အမှတ်တွေက အရမ်းနှမြောစရာ ဖြစ်ပါတယ်။

မနှစ်က လီဗာပူးဟာ သရေပွဲတွေကြောင့် စုစုပေါင်း ၁၆ မှတ် ဆုံးရှုံးခဲ့ရပြီး အဲ့ဒီ့ထဲက ၅ ပွဲမှာ အသင်းဟာ မိနစ် ၉၀ အတွင်း ဦးဆောင်ထားမှုကို မထိန်းထားနိုင်လို့ ဖြစ်ခဲ့ပါတယ်။ အန်ဖီးမှာ ဘရိုက်တန် လာကစားသွားတဲ့ပွဲဟာ ၂-၀ နဲ့ ဦးဆောင်ထားပြီးမှ အခံစားရဆုံး သရေပွဲဖြစ်ခဲ့ပြီး ဘရန့်ဖို့ဒ်ကို ၃-၃ သရေကျခဲ့တာကလည်း နိုင်ပွဲတစ်ပွဲရဖို့ ထိုက်တန်ခဲ့တာတွေဖြစ်ပါတယ်။

နောက်ဆုံးသော လေးရာသီအတွင်း လီဗာပူးဟာ ပျမ်းမျှ ၆.၇၅ ပွဲ သရေကျခဲ့ပြီး အဲ့ဒီ့ကာလတွေအတွင်း ဖလားရခဲ့တဲ့အသင်းက သရေပွဲ ၄ ပွဲသာ ရှိခဲ့ပါတယ်။ လီဗာပူးအနေနဲ့ ဒီရာသီမှာ မန်စီးတီးနောက် ဒုတိယနေရာမှာပဲ ဆက်မရှိလိုတော့ရင် သရေပွဲတွေ အများကြီး ရလို့မဖြစ်ပါဘူး။

(၃) ဖိုင်နယ်မှာ သွင်းဂိုးတွေ ရှာဖွေဖို့

မနှစ်က ဖိုင်နယ်သုံးခုမှာ ပုံမှန်ပွဲကစားချိန် စုစုပေါင်း ၃၃၀ မိနစ်အတွင်း ဂိုးလုံးဝ မရခဲ့ပါဘူး။ ပင်နယ်တီကန်ရာမှာ အသင်းရဲ့ တည်ငြိမ်မှုနဲ့ ယုံကြည်မှုကြောင့် ဖလား ၂ လုံး ရခဲ့တယ်ဆိုပေမယ့် ပင်နယ်တီထိ မရောက်ခင် ပွဲသိမ်းနိုင်မယ့် နည်းလမ်းကို ရှာတွေ့ဖို့ လိုအပ်ပါတယ်။

ကလော့ပ်ရဲ့အသင်းဟာ ၂၀၂၁-၂၂ ရာသီ ကစားခဲ့တဲ့ ၆၃ ပွဲမှာ ၁၄၇ ဂိုး ရရှိခဲ့တာကြောင့် သွင်းဂိုးက ပြဿနာ မဟုတ်ပေမယ့် ဖိုင်နယ်ပွဲလို အရေးကြီးတဲ့နေ့တွေမှာ ထူးချွန်လှတဲ့ တိုက်စစ်အစွမ်းတွေ ငုံ့လျှိုးမသွားဖို့ အရေးကြီး လိုအပ်ပါတယ်။

(၄) နူးညက်စ် ၁၀ ဂိုးနဲ့အထက်ရဖို့

ဒါဝင်နူးညက်စ်ဟာ ကလပ်စံချိန်တင်ကြေး ပေါင် ၈၅ သန်းနဲ့ လီဗာပူးကို ရောက်ရျိလာခဲ့အပြီး တစ်ရာသီလုံး စောင့်ကြည့်ခံရတော့မှာဖြစ်ပေမယ့် အဲ့ဒီ့လို မီးမောင်းထိုးခံရချိန်မှာ သူ့ရဲ့ တုံ့ပြန်နိုင်စွမ်းကို ပြသရပါလိမ့်မယ်။

တိုက်စစ်မှူးဟာ လီဗာပူးကိုလာရတဲ့ ဖိအားတွေကို ခံစားမိကြောင်း ဝန်ခံခဲ့ပြီး အတက်အကျများစွာ ကြုံရနိုင်ခြေ ရှိပေမယ့် သူဘာလုပ်ပေးနိုင်တယ်ဆိုတာကို ယုံကြည်မှုရှိနေပါတယ်။ လာမယ့်ရာသီ အနည်းဆုံး ၁၀ ဂိုးနဲ့အထက် ရဖို့က အနိမ့်ဆုံး ပစ်မှတ်ဖြစ်ပြီး ဒါမှပဲ မလိုအပ်တဲ့ ဖိအားတွေကို လျော့ချနိုင်မှာဖြစ်ပါတယ်။

ဆာလာ၊ ဒီယက်ဇ်၊ ဂျိုတာ၊ ဖာမင်နို၊ နူးညက်စ်တို့နဲ့အတူ လီဗာပူးဟာ တိုက်စစ်မှာ ကြီးမားတဲ့ အင်အားကို ရရှိထားပြီး တိုက်စစ်သမား အားလုံး ၁၀ ဂိုးနဲ့အထက် သွင်းနိုင်ရင် အသင်းဟာ ဆုဖလားတွေအတွက် အရေးပါတဲ့ ခြေလှမ်းတွေ ခုန်လှမ်းနိုင်စေမှာ ဖြစ်ပါတယ်။

(၅) အယ်လီးယော့ ပွဲနှစ်ဆ ကစားရဖို့

မနှစ်က ခြေကျင်းဝတ်ဒဏ်ရာရဲ့ နှောင့်ယှက်မှုကြောင့် အယ်လီးယော့ဟာ ၁၁ ပွဲသာ ကစားခဲ့ရပြီး ဒီနှစ်တော့ အနည်းဆုံး အဲ့နှစ်ဆလောက် သူကစားရတာကို မြင်တွေ့ချင်ပါတယ်။

၁၉ နှစ် အရွယ်ကစားသမားဟာ ကွင်းလယ်ညာခြမ်းမှာ နေရာတစ်ခု ရခဲ့ပေမယ့် ရာသီကြိုမှာ ညာတောင်ပံကိုလည်း ကစားခဲ့ရပါတယ်။ သူဟာ တောက်ပစွာနဲ့ သက်ဝင်လှုပ်ရှားခဲ့ပြီး အခွင့်အရေးတွေ အများကြီး ရလာဖို့ ရှိပါတယ်။ သူ့အနေနဲ့ ပွဲကစားတာလောက်တင် မဟုတ်ဘဲ ပွဲတွေမှာ ဂိုးနဲ့ ဖန်တီးမှုတွေ လုပ်နိုင်ဖို့ကိုလည်း အဓိက ရည်မှန်းချက်တစ်ခုအဖြစ် ထားရှိရပါမယ်။

(၆) ကွင်းလယ်က သွင်းဂိုးတွေ ရရှိဖို့

ကလော့ပ်ရဲ့ကွင်းလယ်က သွင်းဂိုးတွေကို ဦးစားမပေးတာကြောင့် တိုက်စစ်ကသာ ဂိုးရဖို့ အဓိက တာဝန်ကြီးယူထားရတာက တခါတလေမှာ လီဗာပူးအတွက် အခက်အခဲ ဖြစ်စေပါတယ်။

နည်းပြဟာ သွင်းဂိုးနဲ့ ဖန်တီးနိုင်စွမ်းအတွက်နဲ့ လူသစ်ထပ်ခေါ်ရင် ကာဗာရို၊ ကာတစ်ဂျုံးနဲ့ အယ်လီးယော့အတွက် ခက်ခဲစေလိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် မနှစ်က သုံးယောက်ပေါင်း ၃၉ ဂိုး ရခဲ့တဲ့ မာနေး၊ မီနာမီနိုနဲ့ အိုရီဂီတို့ ထွက်ခွာသွားပြီးနောက် တိုက်စစ်ကစားသမားတွေရဲ့ ဝန်ထုပ်ဝန်ပိုးကို သက်သာစေဖို့ဆိုရင် ကွင်းလယ်က သွင်းဂိုးတွေ ပိုရဖို့ လိုအပ်ပါတယ်။

မနှစ်က ဖာဘင်ညိုက ၈ ဂိုးသွင်းယူခဲ့ပြီး ကိတ်တာ (၄ဂိုး)၊ ဟန်ဒါဆန် (၃ဂိုး)၊ ချိန်ဘာလိန် (၃ဂိုး)၊ သီယေဂို (၂ဂိုး)၊ ကာတစ်ဂျုံး (၁ဂိုး) အားလုံးပေါင်း ၁၃ ဂိုး ရပါတယ်။ ဒီနှစ်မှာ ကွင်းလယ်ကစားသမားအားလုံးပေါင်း ဂိုး ၃၀ လောက် ရဖို့ ဦးတည်သင့်ပါတယ်။

(၇) ပိုပြီး မခန့်မှန်းနိုင်အောင် လုပ်ဖို့

ရာသီတိုင်းမှာ ကလော့ပ်တို့ နည်းပြအဖွဲ့ဟာ ဖြုံလောက်စရာဖြစ်ပြီးသား နည်းစနစ်ကိုမှ ပိုပြီး ကောင်းမွန်လာအာင် ဖြည့်စွက်ခဲ့တာပါ။ ဒါပေမယ့် ပြိုင်ပွဲလေးခုလုံးမှာ လီဗာပူးရဲ့ ပွဲထွက်လူစာရင်းနဲ့ ကစားဟန်ကို ခန့်မှန်းလို့မရအောင် လုပ်ဖို့က အရေးကြီးတယ်ဆိုတာ နည်းပြအဖွဲ့က သိပါတယ်။

“တစ်နှစ်ပြီးတစ်နှစ် ဒါကြီးပဲ လုပ်နေလို့မရဘူး။ ကျွန်တော်တို့မှာ အခြေခံမူတစ်ခုရှိတယ်။ ဒီအခြေပေါ်မှာ ထပ်မံတည်ဆောာက်ပြီး တခြားအသင်းတွေအတွက် ပိုပြီး ခန့်မှန်းလို့ မရအောင် လုပ်ရမယ်”လို့ ကလော့ပ်က ဆိုပါတယ်။

လီဗာပူးဟာ ကိုယ်အသင်းကို တိုက်စစ်နဲ့ တန်ပြန်တဲ့ ပြိုင်ဘက်တွေကိုချည်း ရင်ဆိုင်ရမှာ မဟုတ်ဘဲ စိတ်ပျက်စရာ ခံစစ်ပိတ်ကစားတဲ့ ပြိုင်ဘက်တွေနဲ့ တွေ့ရဦးမှာဖြစ်ပါတယ်။ ပွဲထွက်နဲ့ ကစားကွက်ကို မခန့်မှန်းနိုင်အောင် လုပ်ခြင်းဟာ သရေပွဲတွေကို နိုင်ပွဲအဖြစ် ပြောင်းလဲရာမှာ အကူအညီပေးမှာ ဖြစ်ပါတယ်။