ဖူလ်ဟမ်နဲ့ပွဲမှာ အသင်းသား ၈ ဦးထိ ဒဏ်ရာရနေတဲ့အထဲ ကွင်းလယ်လူ အများအပြား ပါဝင်နေခဲ့သလို သီယေဂိုပါ ဒဏ်ရာရခဲ့တာကြောင့် ဈေးကွက်ကနေ လူသစ် တစ်ဦး ခေါ်ယူဖို့ အသင်းကို တိုက်တွန်းမှုတွေ ကျယ်ပြန့်လာပါတယ်။

The Athletic မှ James Pearce နဲ့ Echo မှ Paul Gorst တို့အပြင် Goal မှ Neil Jones တို့ကပါ အသင်းရဲ့ ကွင်းလယ်ဟာ ဘောလုံးရာသီရှည်ကို ရင်ဆိုင်ဖို့ မလုံလောက်ဘူးဆိုတဲ့ ထောက်ပြမှုတွေနဲ့ တိုက်တွန်းနေခဲ့ကြတာပါ။

ရာသီကြိုမှာတင် ချိန်ဘာလိန် ကာလရှည် နားရမယ့် ဒဏ်ရာ စရခဲ့ပြီး ဂျုံးက ခြေသလုံး၊ ကိတ်တာ အဖျားနဲ့ သီယေဂို တံကောက်ကြော ဒဏ်ရာတွေ ရနေခဲ့တာဖြစ်ပါတယ်။ လက်ရှိ ကွင်းလယ်မှာ ဟန်ဒါဆန်၊ ဖာဘင်ညို၊ မီလ်နာတို့ပဲ ကြံ့ခိုင်မှု ကောင်းနေပေမယ့် မီလ်နာက အသက် ၃၆ ရှိနေပါပြီ။

နောက်ထပ်သော ကွင်းလယ်လူတွေအဖြစ် ဟာဗေးနဲ့ ကာဗာရိုတို့ပဲ ကျန်ရှိတော့တာဖြစ်ပြီး ကာလရှည်ကြီးမှာ ဆယ်ကျော်သက် နှစ်ဦးကို အဓိက အားထားလို့ ယှဉ်ပြိုင်ရမယ့် အနေအထားမျိုး ရှိနေခဲ့ပါတယ်။

ကိတ်တာနဲ့ သီယေဂိုတို့ဟာ အရည်အချင်းပိုင်းမှာ ကောင်းမွန်ကြသူတွေဖြစ်ပေမယ့် သူတို့ရဲ့ ဒဏ်ရာ မှတ်တမ်းက ဆိုးရွားသလို တောက်လျှောက် တသမတ်တည်း မကစားနိုင်တဲ့ မှတ်တမ်းတွေ ရှိထားကြတာဖြစ်ပါတယ်။

ဖူလ်ဟမ်နဲ့ပွဲအပြီးမှာ ကလော့ပ်က ” ဘာတွေ ပြောလာကြတော့မယ်ဆိုတာကို ကျနော် သိပါတယ်။ ကျနော်တို့မှာ ကွင်းလယ်လူ လုံလောက်နေတာကြောင့် နောက်ထပ် ကွင်းလယ်လူတစ်ဦး မလိုဘူးလို့ ပြောခဲ့ပါတယ်။ ကျနော်တို့မှာ တကယ် လုံလောက်နေတာပါ။

အခု ကျနော်တို့ ရနေတဲ့ ပြဿနာက ကျနော်တို့ကြောင့်ထက် ဖြစ်လေ့ရှိတဲ့ ကိစ္စတစ်ခုက အပြစ်ပေးတာကို ခံခဲ့ရတာပါပဲ။ ကာတစ် ဒီလိုဖြစ်မယ်လို့ ဘယ်သူမှ မထင်ခဲ့ဘူး။ ဒဏ်ရာက မပြင်းထန်ဘဲ လူငယ်တစ်ယောက်မှာ ဖိအားများရက ဖြစ်လာတဲ့ တုန့်ပြန်မှုပါပဲ။

ကိတ်တာက ဖျားနေတယ်၊ နောက်အပတ် ပြန်သက်သာလာမယ်၊ ချိန်ဘာလိန်က ခပ်စောစော ဒဏ်ရာရခဲ့ပြီး အခု သီယေဂို ဒဏ်ရာရခဲ့ပါတယ်။ အခြေအနေ မကောင်းဘူးဆိုတာ ကြည့်ရမှာပေါ့ ” လို့ ကလော့ပ်က ပြောခဲ့တယ်။

ကလော့ပ်က လီဗာပူးမှာ ကွင်းလယ်လူ လုံလောက်နေတယ်လို့ ဆိုပါတယ်။ စာရွက်ပေါ်က အနေအထားဆိုရင်တော့ လက်ရှိ ကွင်းလယ်က လုံလောက်ပေမယ့် နှစ်တိုင်းမှာ ဒီကွင်းလယ်လူတွေက တစ်ပြိုင်တည်း ဒဏ်ရာရတဲ့ အခြေအနေကို ရင်ဆိုင်နေရတာပါ။

ဒဏ်ရာရ လူစာရင်းမှာ ချိန်ဘာလိန်၊ ကိတ်တာ၊ သီယေဂိုနဲ့ ဂျုံးတို့ကို အတူတွဲမြင်နေရတာက ဒါ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ တကယ်တမ်းမှာတော့ ဖာဘင်ညိုနဲ့ ဟန်ဒါဆန်တို့ကလည်း ပွဲဆက် သိပ်များလာရင် တောင့်မခံနိုင်ဘဲ ဒဏ်ရာ ပြဿနာတွေ ရှိထားခဲ့ကြသူတွေ ဖြစ်ပါတယ်။

ကလော့ပ်ကပဲ ” အပြောင်းအရွှေ့ ဈေးကွက်က ဖွင့်နေပါတယ်။ ကာလရှည် အနေအထားအရ ကျနော်တို့မှာ ကွင်းလယ်လူတွေ ရှိနေပါတယ်၊ ကွင်းလယ်လူ လုံလုံလောက်လောက် ရှိပါတယ်။ ကျနော်တို့မှာ ကွင်းလယ်လူ မရှိတာ မဟုတ်ပါဘူး။ ဒါပေမယ့် အချို့က ဒဏ်ရာရနေပါတယ်။

အခြေအနေက သိပ်မကောင်းပါဘူး။ ဒီအနေအထားကို ကျနော် သဘောမကျဘူး ဒါပေမယ့် တုန်လှုပ်မနေဘဲ တုန့်ပြန်မှုလုပ်ဖို့ လိုပါတယ် ” လို့ ဆိုထားခဲ့ပါတယ်။

ဘာဖြစ်လာမယ်ဆိုတာ မသိနိုင်သေးပေမယ့် ဈေးကွက် ပိတ်ဖို့ ရက်ပေါင်း ၂၀ ဝန်းကျင် ကျန်ရှိနေသေးတာဖြစ်ပြီး ကွင်းလယ်လူ တစ်ဦးကို အသင်းဘက်က ကြိုးစားသင့်ကြောင်း တိုက်တွန်းမှုတွေက ဆူညံလာနေပြီ ဖြစ်ပါတယ်။