လီဗာပူးအသင်းဟာ ဒီနွေမှာ သွေးသစ်လောင်းမှုတွေ ပြုလုပ်ထားခဲ့ပြီး နွေခေါ်ယူမှု အားလုံးဟာဆိုရင် ၂၄ နှစ်အောက် ကစားသမားတွေချည်းဖြစ်ပါတယ်။

ဒါဝင် နူးညက်စ်က ၂၃ နှစ်ဖြစ်ပြီး ကာဗာရိုကနဲ့ ကယ်ဗင် ရမ်ဆေးက ၁၉ နှစ်ဖြစ်ပါတယ်။ မာနေး နေရာ နူးညက်စ်ကို အစားထိုးမှာဖြစ်ကာ အဘာဒင်ကနေ ပေါင် ၆.၅ သန်းနဲ့ ခေါ်ယူထားတဲ့ ရမ်ဆေးက ထရန့်ရဲ့ အရန်အဖြစ် ကြိုးစားရမှာဖြစ်ပြီး ပေါင် ၇.၇ သန်းနဲ့ ခေါ်ယူထားတဲ့ ကာဗာရိုအတွက် ပုံသေနေရာ မရှိသေးပါဘူး။

မာနေး၊ အိုရီဂီ၊ မီနာမီနိုလို တိုက်စစ်သမားတွေ ထွက်ခွာသွားပေမယ့် မနှစ်ကရာသီ အဓိက ကာလတွေကို ခြေကျင်းဝတ်ဒဏ်ရာကြောင့် အနားယူနေရတဲ့ ဟာဗေးနဲ့ စိနီယာအသင်းမှာ ၂ ရာသီခွဲကြာ ရှိနေပြီဖြစ်တဲ့ ဂျုံးတို့က အစားဝင် အားဖြည့်သွားမှာဖြစ်ပါတယ်။

ဒီနွေမှာ လီဗာပူးအားကစားဒါရိုက်တာ ဂျူလီယန်ဝတ်ရဲ့ တာထွက်မှုက ကောင်းမွန်ခဲ့ပေမယ့် နေရာတစ်ခုကတော့ အားဖြည့်ဖို့ လိုအပ်နေဆဲလို့ ပရိသတ် အများစုက ယုံကြည်ကြပါတယ်။

လွန်ခဲ့တဲ့ ၁ နှစ်တုန်းက ဝိုက်နယ်ဒမ် ထွက်ခွာသွားတဲ့ ကွင်းလယ်လူ နေရာကို အခုချိန်ထိ လီဗာပူးအသင်းက အစားမထိုးသေးပါဘူး။ မနှစ်ကရာသီမှာ လီဗာပူးအသင်းရဲ့ ဆုဖလား ၄ လုံး အိပ်မက် ပျက်ဆီးခဲ့ရပြီး ဒီရာသီမှာကော တူညီတဲ့ ကွင်းလယ်လူတွေနဲ့ လီဗာပူးအသင်းက အဓိက ဆုဖလားတွေကို စိန်ခေါ်နိုင်မှာလားဆိုတာက မေးခွန်းတစ်ခုဖြစ်ပါတယ်။

ကလော့ပ်နဲ့ ဝတ်တို့ဟာ ဒီနွေမှာ ကွင်းလယ်လူသစ် အားဖြည့်ရေးကို ဦးစားပေးအဖြစ် ရွေးချယ်ခဲ့ကြတာပါ။ ဒါပေမယ့်လို့ မာနေး ထွက်ခွာသွားမှုနဲ့အတူ တိုက်စစ်ကို အင်အားဖြည့်ရေးကိုပဲ ပြောင်းလဲ ကြိုးစားခဲ့ပြီး နူးညက်စ်ကို ခေါ်ယူခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် နွေမှာတော့ လီဗာပူးအသင်းက ကွင်းလယ်လူသစ်ကို ဦးစားပေးအဖြစ် ကြိုးစားသွားမှာ ဖြစ်ပါတယ်။

ဒီနွေမှာ ရီးရဲလ်မက်ဒရစ်ထံ ယူရို သန်း ၁၀၀ နဲ့ ပြောင်းသွားခဲ့တဲ့ ချူအာမီနီကို လီဗာပူးဘက်က စိတ်ဝင်စားခဲ့တာ ကွယ်ဝှက်ထားစရာလိုတဲ့ ကိစ္စ မဟုတ်ပါဘူး။ အင်္ဂလန်ကွင်းလယ်လူ ဘယ်လင်ဟမ်ကို အထင်ကြီးတာကြောင့် ပြီးခဲ့တဲ့ လမှာပဲ ဒေါ့မွန်အသင်းထံ စုံးစမ်းခဲ့စဉ် ၂၀၂၃ နွေမှ ရောင်းထုတ်မယ်လို့ အကြောင်းကြားခံထားရတယ်။

ဒီတော့ ကွင်းလယ်လူသစ် မခေါ်ယူရင် လီဗာပူးအသင်းက ဘယ်လို ကိုင်တွယ်မှာလဲ?

သေချာတာက လီဗာပူးကွင်းလယ်ဟာ အင်အားနည်းတယ်လို့ ပြောလို့ မရပါဘူး။ ဒါပေမယ့် လူစာရင်းက စာရွက်ပေါ်မှာပဲ တောင့်တင်းနေတယ် ပြောရင်လည်း မမှားပါဘူး။

ဟန်ဒါဆန်၊ ဖာဘင်ညို၊ သီယေဂို၊ ကိတ်တာ၊ ဂျုံး၊ အယ်လီးယော့၊ ကာဗာရို၊ မီလ်နာနဲ့ ချိန်ဘာလိန်တို့က လီဗာပူးရဲ့ စီနီယာ ကွင်းလယ်လူ ၉ ဦးဖြစ်ပါတယ်။ အဲ့ထဲမှာ ချိန်ဘာလိန်က ရာသီကြိုမှာတင် ဒဏ်ရာရသွားသလို လက်ကျန် ဘောလုံးရာသီမှာလည်း ဖလားပွဲတွေမှာ ပါဝင်ရင်တောင် ကံကောင်းပါပဲ။ မီလ်နာက အသက် ၃၆ နှစ် ရှိနေပါပြီ။

နောက်ထပ် ကွင်းလယ်လူ နှစ်ဦးဖြစ်တဲ့ သီယေဂို၊ ကိတ်တာတို့က သူတို့ရဲ့ ဒဏ်ရာ မှတ်တမ်းကို ပြန်ကြည့်မယ်ဆိုရင် နှစ်ဦးပေါင်းရင်တောင် ဘောလုံးရာသီ တစ်ခုစာ အပြည့် မသုံးနိုင်ပါဘူး။ လီဗာပူးအသင်းမှာ ကွင်းလယ်လူအဖြစ် တစ်ရာသီလုံးနီးပါး ကစားနိုင်သူတွေက ဟန်ဒါဆန်နဲ့ ဖာဘင်ညိုပဲ ရှိပါတယ်။ ဒါတောင် သူတို့က ဒီဇင်ဘာ၊ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွေမှာ ဒဏ်ရာရလေ့ ရှိပါတယ်။

မနှစ်ကရာသီမှာ လီဗာပူးအသင်းက ပြိုင်ပွဲစုံ ၆၃ ပွဲ ကစားခဲ့တာဖြစ်ပါတယ်။ ကလော့ပ်ရဲ့ မတူညီတဲ့ ကွင်းလယ်အတွဲပေါင်း ၁၁ တွဲမှာ သီယေဂို၊ ဖာဘင်ညို၊ ဟန်ဒါဆန်အတွဲကို ၁၁ ပွဲပဲ သုံးနိုင်ခဲ့ပါတယ်။ တွဲခွင့်အရဆုံး ကွင်းလယ်လူနှစ်ဦးဖြစ်တဲ့ ဖာဘင်ညို၊ ဟန်ဒါဆန် အတွဲကိုလည်း ၂၆ ပွဲပဲ သုံးနိုင်ခဲ့ပါတယ်။

ကလော့ပ်မှာ ရွေးချယ်စရာ ၂ ခုပဲ ရှိပါတယ်။ တစ်ခုကတော့ ဟာဗေးနဲ့ ကာဗာရိုတို့ကို ပွဲကစားခွင့်တွေ အများကြီး ပေးရပါလိမ့်မယ်။ ဒုတိယပိုင်းမှ လူစားဝင်စေတာမျိုး မဟုတ်ဘဲ ပွဲထွက်လူစာရင်းမှာတင် သူတို့ကို ထည့်သွင်းပြီး လန်းဆန်းတဲ့ ပွဲထွက်ခွင့် အားပြိုင်မှုကို ဖန်တီးရမှာဖြစ်ပါတယ်။

မနှစ်ကရာသီ လိဒ်ယူနိုက်တက်နဲ့ပွဲမှာ ကံဆိုးပြီး ဒဏ်ရာရခဲ့တာကလွဲရင် ဟာဗေးက ဘောလုံးရာသီ တောက်လျှောက် ကြံ့ခိုင်မှု ကောင်းကောင်း ကစားနိုင်သူဆိုတာကို ဘလက်ဘန်းမှာ ပြသခဲ့တယ်၊ ကာဗာရိုကလည်း ဖူလ်ဟမ်မှာ ပြသထားပါတယ်။ သူတို့ဟာ အင်္ဂလန်နဲ့ ပေါ်တူဂီတို့ရဲ့ အလားအလာ အကောင်းဆုံး လူငယ်တွေထဲ ပါဝင်ကြသူတွေဖြစ်ပါတယ်။

လီဗာပူးအသင်းက သူတို့ နှစ်ဦးကို ပေါင် ၇ သန်း ဝန်းကျင်တွေနဲ့ ရထားတာဆိုပေမယ့် ဒီနွေမှာ ဗီလာကနေ ချူကွာမီကာကို ချယ်ဆီး ခေါ်ယူစဉ်မှာ ပေါင် သန်း ၂၀ ထိ ပေးခဲ့ရပါတယ်။ ဟာဗေးနဲ့ ကာဗာရိုတို့က လက်ရွေးစင်အဆင့်တွေမှာ ချူကွာမီကာထက် တစ်ဆင့် ပိုမြင့်ကြသူတွေဖြစ်ပါတယ်။

ဟာဗေးကို ညာခြမ်း ကွင်းလယ်လူနဲ့ ညာတောင်ပံနေရာတွေမှာ သုံးနိုင်ပြီး ကာဗာရိုကို ဘယ်ခြမ်း ကွင်းလယ်လူနဲ့ ဘယ်တောင်ပံမှာ သုံးနိုင်ပါတယ်။ နံပါတ် ၆ နေရာကို ဟန်ဒို၊ ဖာဘင်ညိုတို့ ကစားနိုင်ပြီး ကျန် ကွင်းလယ် တစ်နေရာအတွက် သီယေဂို၊ ကိတ်တာ၊ ဂျုံး၊ မီလ်နာတို့ထဲက တစ်ဦးတော့ အမြဲတမ်း ရွေးချယ်စရာရှိနေဖို့ မျှော်လင့်ရမှာပါ။

ထရန့်ဟာ ညာအစွန်လူ ၁၈ နှစ်နဲ့တင် နေရာရလာခဲ့တာဖြစ်ပြီး ဟာဗေး၊ ကာဗာရိုတို့ရဲ့ အလားအလာတွေနဲ့ဆိုရင် ထရန့်နည်းတူ တောက်ပလာဖို့ မျှော်လင့်လို့ ရနိုင်ပါတယ်။ အပြောင်းအရွှေ့မှာ လူသစ် မခေါ်ယူခြင်းကို ပရိသတ်တွေဘက်က စိတ်ပျက်နိုင်ပေမယ့် ဟာဗေးနဲ့ ကာဗာရိုအတွက်တော့ အခွင့်အရေး ကြီးကြီးမားမားရမှု ဖြစ်သွားနိုင်ပါတယ်။

နောက်ထပ် နည်းလမ်းကတော့ နည်းစနစ်ပြောင်းလဲ ကစားတာမျိုးဖြစ်ပါတယ်။ ဒီရာသီစမှာ နည်းပြကလော့ပ်က စနစ်သစ် ပြောင်းနိုင်တယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့်လို့ ဂျိုတာ မရှိသေးသလို နူးညက်စ် အသင်းနဲ့ အသားမကျသေးချိန်မှာ လက်ရှိ သုံးနေတဲ့ ၄-၃-၃ ကို ချက်ခြင်းကြီး ပြောင်းလဲစေမှာ မဟုတ်ပါဘူး။

ဒါပေမယ့်လို့ ဂျိုတာ ပြန်သာလာပြီး ကြံ့ခိုင်မှု ပြည့်ဝလာရင် ၄-၂-၃-၁ ကစားကွက်မှာ ဖာမင်နိုကို နံပါတ် ၁၀ နေရာ ဆင်းကစားစေဖို့ နီးစပ်သလို ကာဗာရိုနဲ့ ဟာဗေးတို့ကလည်း အဆိုပါနေရာက တောက်ပလာနိုင်ပါတယ်။ ဒါပေမယ့်လို့ အနည်းဆုံး ရာသီဝက်လောက်ထိကို နည်းစနစ် ပြောင်းကစားမယ့် အလားအလာ မမြင်သေးပါဘူး။

ဒီနွေမှာ ကွင်းလယ်လူသစ် ထပ်မခေါ်ရင်တော့ ဟာဗေးနဲ့ ကာဗာရိုတို့က သီယေဂို၊ ကိတ်တာတို့ကို ဖြည့်ကစားပေးမယ့် ကွင်းလယ်လူတွေအဖြစ် မဟုတ်ဘဲ ပွဲထွက်ခွင့်ကို အပြိုင်လုမယ့် အသင်းသားတွေ ဖြစ်လာဖို့ မျှော်လင့်ရဖို့ပဲ ရှိတော့မှာဖြစ်ပါတယ်။