ဒီနွေမှာ လီဗာပူးအသင်းဘက်က ကွင်းလယ်လူ ထပ်ခေါ်ဖို့ မရှိသေးပေမယ့် တစ်ဦးကို ခေါ်ယူမယ်လို့ ဆုံးဖြတ်ခဲ့ရင်တော့ စပို့တင်းမှ ပေါ်တူဂီသား မက်သရူးစ် နူးညက်စ်ဖြစ်လာဖို့ ရှိပါတယ်။

မက်သရူးစ် နူးညက်စ်က စပို့တင်းက ၂၃ နှစ်သား ကွင်းလယ်လူဖြစ်ပါတယ်။ သူ့ရဲ့ အလားအလာကောင်းတွေကြောင့် ချန်ပီယံလိဂ်မှာ မန်စီးတီးနဲ့ စပို့တင်း ထိပ်တိုက်တွေ့တုန်းက မက်သရူးစ်ကို ဂွာဒီယိုလာက ချီးကျူးခဲ့ပါသေးတယ်။

လီဗာပူးအသင်းဟာ ကိစ္စတိုင်းကို ရေတိုထက် ရေရှည်အတွက်ပဲ တွက်ချက်လေ့ရှိတာဖြစ်ပြီး မက်သရူးစ်ဟာ အသက်အရွယ်နဲ့ အတွေ့အကြုံအရ အသင်းလိုအပ်ချက်နဲ့ ကိုက်ညီပါလိမ့်မယ်။

သတင်းထောက် ရိုမန်နိုက လီဗာပူးဖန်ဆိုဒ် Anfield Watch အတွက် ဖြေပေးရာမှာ “ ယာဂင်နဲ့ လီဗာပူးအသင်းက ဈေးကွက်ထဲမှာ အခွင့်အရေးရရင် ကွင်းလယ်လူသစ် တစ်ဦးကို ခေါ်ယူဖို့ စဉ်းစားမှာပါ။

စပို့တင်းက မက်သရူစ် နူးညက်စ်က လီဗာပူးအသင်းနဲ့ အံဝင်ပြီး သူတို့ အရမ်းကို စိတ်ဝင်စားနေတဲ့ ကစားသမားလို့ ကျနော်တော့ ယုံကြည်ထားပါတယ်။ ဒါပေမယ့်လို့ ကစားသမားအတွက် ရင်းနှီးမြုပ်နှံရမယ့် ပမာဏကို လီဗာပူးဘက်က ပြင်ဆင်ထားမလား ကြည့်ရပါမယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ထိပ်တန်းလိဂ် ၅ ခုကနေ ကစားသမားတွေကို ခေါ်ယူဖို့ဆိုရင် ကလပ်တွေအတွက် ပြောင်းရွှေ့ကြေးရော လစာပါ အများကြီး ပေးရမှာဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီ့ ထိပ်တန်းလိဂ် ၅ ခုပြီးရင် နံပါတ် ၆ နေရာမှာရှိနေတာက ပေါ်တူဂီရဲ့ ပရီမီယာလီဂါပါပဲ။

ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ရှုံးထွက် အဆင့်တွေကို တက်ရောက်လာတဲ့ ဥရောပအသင်းတွေထဲမှာ ပေါ်တူဂီကလပ်တွေရဲ့ ပါဝင်နိုင်စွမ်းက မြင့်မားပါတယ်။ ပေါ်တို၊ ဘင်ဖီကာ၊ စပို့တင်းတို့ဟာ လိဂ်အဆင့်ရပ်တည်မှု မမြင့်ပေမယ့် ဘွန်ဒက်လီဂါ၊ လီဂူးဝမ်း၊ စီးရီးအေ ကလပ်တွေထက်တောင် ချန်ပီယံလိဂ်မှာ ပိုမြင့်မြင့် အဆင့်တွေကို မကြာခဏ ရောက်လေ့ရှိပါတယ်။

၂၀၂၂ စပြီးနောက်ပိုင်း လီဗာပူးအသင်းဟာ အပြောင်းအရွှေ့အတွက် စုစုပေါင်း ပေါင် ၁၄၈ သန်း သုံးစွဲခဲ့ပြီး ပေါ်တူဂီဈေးကွက်က ကစားသမားတွေချည်းပဲ ပေါင် ၁၃၄ သန်းစာ သုံးစွဲထားတာဖြစ်ပါတယ်။