သီယေဂို အယ်ကန်တာရာဟာ မကြာသေးမီက နှစ်တွေအတွင်း အနီရောင်ဂျာစီကို ဝတ်ဆင်ခဲ့တဲ့ ကမ္ဘာအဆင့် ဘောလုံးသမားတစ်ယောက်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။

၂၀၂၀ နွေရာသီမှာ ဘိုင်ယန်မြူးနစ်ကနေ သူရောက်လာတာက ပရိသတ်တွေကြားမှာ ကလော့ပ်လက်ထက် တခြားသော ခေါ်ယူမှုတွေထက် ပိုပြီးတော့ စိတ်လှုပ်ရှားစေခဲ့ပါတယ်။ သူ့လို ကစားသမားမျိုးကို ခေါ်ယူဖို့ လီဗာပူးရဲ့ ဆုံးဖြတ်ချက်ဟာ FSG လက်ထက် မြင်နေကျ ခေါ်ယူမှုမျိုးနဲ့ ကွာခြားခဲ့ပါတယ်။

သူဟာ အလားအလာကောင်းပဲရှိသေးတဲ့ သက်သေပြစရာ များစွာနဲ့ လူငယ်ကစားသမားတစ်ယောက် မဟုတ်ဘဲ အကောင်းဆုံး အသက်အရွယ်မှာ ရှိနေတဲ့ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူတစ်ယောက်ဖြစ်ပါတယ်။ သူရဲ့ လီဗာပူးကစားသမားဘဝ ၂ ရာသီကို ဘယ်လို အကဲဖြတ်နိုင်ပါသလဲ။

အရေးပါမှုကို လျှော့တွက်လို့မရ

ကြံ့ခိုင်မှုကောင်းနေတဲ့ အချိန်မှာ သီယေဂိုဟာ ကလော့ပ်ရဲ့အသင်းမှာ ပထမဦးစားပေး ဖြစ်ပါတယ်။ သူဟာ ကွင်းလယ်မှာ လုံးဝမတူညီတဲ့ အရည်အသွေးကို ပေးပါတယ်။ ပြတ်သားတဲ့ ပေးပို့မှုတွေ၊ အကွားအဝေးကြီးတွေအတွင်း ထူးခြားတဲ့ ပေးပို့မှုတွေနဲ့ ဒီနေ့ခေတ် အကောင်းဆုံး ကွင်းလယ်လူထံကနေ လိုချင်မယ့် အရာအားလုံး နီးပါးပါပဲ။

ကိုဗစ်နဲ့ ဒဏ်ရာ အနှောင့်အယှက်ဖြစ်ခဲ့တဲ့ သူ့ရဲ့ ပထမရာသီမှာ ပြိုင်ပွဲစုံ ၃၉ ပွဲကစားခဲ့ပြီး သူပွဲထွက်ခဲ့တဲ့ ၂၇ ပွဲမှာ ၂၂ ပွဲ အနိုင်ရရှိခဲ့ပါတယ်။ သူဟာ အများအားဖြင့် ကွင်းလယ်ဘယ်ခြမ်းက နံပါတ် ၈ နေရာမှာ ကစားခဲ့ရပြီး ဖာဘင်ညို၊ ဟန်ဒါဆန်တို့နဲ့ တွဲဖက်ခဲ့ပါတယ်။

ဒါဟာ double-pivot အနေဲ့ ဘိုင်ယန်မှာ ကစားခဲ့တာထက် တစ်ဆင့် ပိုမြင့်မားတဲ့ နေရာဖြစ်ပေမယ့် အဲ့နေရာက သူနဲ့ ကောင်းကောင်း အသားကျခဲ့တာပါ။ အသင်းအတွက် အများကြီး လုပ်ပေးနိုင်တဲ့ အဆင့်အတန်းမြင့် ကစားသမားတစ်ယောက် ဖြစ်ပါတယ်။

မနှစ်က ဘောလုံးရာသီမှာ ဒီယက်စ် ရောက်မလာခင်ထိ လီဗာပူးရဲ့ စွမ်းဆောင်ရည် အကောင်းဆုံး ကစားသမားအဖြစ် ဆာလာနောက် ဒုတိယနေရာမှာ ရပ်တည်ခဲ့သူဖြစ်တယ်။ သီယေဂိုဟာ လက်ရှိ ကွင်းလယ်လူတွေထက် တစ်ဆင့်မြင့်တဲ့ ကမ္ဘာအဆင့် ကစားသမားဖြစ်ပါတယ်။

ဆက်တိုက် ဒဏ်ရာပြဿနာများ

ရာသီကုန်မှာ လက်ရွေးစင်တာဝန်ကိုပါ ဆက်လက် လွဲချော်ခဲ့တဲ့ ကြွက်သားဒဏ်ရာ၊ ချန်ပီယံလိဂ် ဖိုင်နယ်ကို လွဲချော်လုနီးပါး ဖြစ်ခဲ့တဲ့ ဒဏ်ရာအပြင် ဖူလ်ဟမ်နဲ့ပွဲမှာ နောက်ထပ်ဒဏ်ရာရခဲ့တာဟာ သီယေဂိုနဲ့ ပတ်သက်လို့ မနှစ်သက်စရာ ဖြစ်ခဲ့ပါတယ်။

စပိန်သားဟာ သူ့ရဲ့ ပထမရာသီမှာ လိဂ် ၁၄ ပွဲ လွဲချော်ခဲ့ပြီး ဒုတိယမြောက် ဘောလုံးရာသီဖြစ်တဲ့ ၂၀၂၁-၂၂ မှာ အမှတ်ပေးပွဲ ၁၃ ပွဲ လွဲချော်ခဲ့ပါတယ်။ မနှစ်က ချယ်ဆီးနဲ့ ကာရာဘောင်းဖလား ဖိုင်နယ် မတိုင်ခင် သွေးပူလေ့ကျင့်ခန်းလုပ်ရင်း ဒဏ်ရာရသွားတဲ့ သီယေဂိုဟာ ပဲရစ်မှာလည်း အလားတူ ဖြစ်တော့မလို ဖြစ်ခဲ့တာပါ။

ကလော့ပ်ရဲ့ ဖိအားပေး ကစားပုံ ပြင်းထန်မှုကပဲ သူ့ကို ထိခိုက်စေတာလားဆိုတာ စဉ်းစားစရာပဲ။ သီယေဂိုဟာ ပိုပြီး ပြေးလွှားဖို့၊ တိုက်စစ်ကို ပိုလိုက်ဖို့ တာဝန်ပေးခံရပြီး ဘိုင်ယန်မှာတုန်းကထက် ပိုပြီး တိုက်စစ်မှာ ပါဝင်ခွင့်ရထားသူပါ။ ဘိုင်ယန်မှာတော့ ကွင်းလယ် အတွင်းလူ ဖြစ်ခဲ့တဲ့ စပိန်သားအနေနဲ့ ကစားကွက်ကို ပုံဖော်ရတဲ့ တာဝန်ကို ရရှိခဲ့ပါတယ်။

ကမ္ဘာအဆင့်ဖြစ်တော့လည်း မသုံးနိုင်တော့မှတော့ ဘာအကျိုးဖြစ်မှာလဲ? သူ့ရဲ့ အခုနောက်ဆုံး ဒဏ်ရာဟာ ထိပ်တန်းကွင်းလယ်လူ အသစ်တစ်ယောက် ခေါ်ယူဖို့ လီဗာပူးပရိသတ်တွေဆီက တောင်းဆိုမှုတွေ ပေါ်ပေါက်လာစေခဲ့ပါတော့တယ်။

အဆုံးအဖြတ်ကာလ

ဒီနှစ်တွေအတွင်း လီဗာပူးရဲ့ လွှမ်းမိုးမှုတွေမှာ သီယေဂို ပါဝင်ပတ်သက်ခဲ့မှုကြောင့် သူဟာ အကောင်းဆုံး လက်မှတ်ထိုးမှု ဟုတ်ပေမယ့် ဒဏ်ရာတွေက အဓိက ပြဿနာ ဖြစ်လာပါတယ်။

သီယေဂိုဟာ ဝိုင်နယ်ဒန်နေရာမှာ အထိ‌ရောက်ဆုံး အစားထိုးခဲ့ပေမယ့် ပွဲကစားနိုင်မှုအပိုင်းမှာ နှစ်ယောက်လုံးက လုံးဝဆန့်ကျင်ဘက်တွေပါ။ လီဗာပူးမှာ ရှိခဲ့တဲ့ ၅နှစ်အတွင်း ဝိုက်နယ်ဒန်က စက်တစ်ခုလိုဖြစ်ခဲ့ပြီး ဒဏ်ရာကြောင့် လွဲချော်ခဲ့တာ ၁၁ ပွဲသာ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဖန်တီးမှုပိုင်းမှာတော့ အတော်လေး မေးခွန်းထုတ်ခံခဲ့ရတယ်။

သီယေဂိုကတော့ လီဗာပူးကွင်းလယ်ကို တစ်ဆင့်မြင့်စေခဲ့တာကြောင့် သူ့အတွက် ပေးရတဲ့ ပေါင်သန်း ၂၀ ဟာ ထိုက်တန်တယ်လို့ အားလုံးက မြင်ပါတယ်။ ဒါပေပမယ့် ဒဏ်ရာကြောင့် မကြာခဏ လွဲချော်ခဲ့တာကပဲ စိတ်ပျက်စရာ ဖြစ်လာပြန်ပါတယ်။

ဒီရာသီက သီယေဂိုအတွက် ကြီးမားတဲ့ ရာသီတစ်ခုပါပဲ။ စာချုပ်သက်တမ်း ၂ နှစ်ကျန်နေသေးတာနဲ့အတူ သူ့ကို စာချုပ်သစ် ကမ်းလှမ်းမလားဆိုတာ စဉ်းစားရမယ့် အချိန်မှာ ဒဏ်ရာ ပြဿနာက လွှမ်းမိုးမှု ရှိလာမှာဖြစ်ပါတယ်။ နောက်ပြီး ဒါကပဲ ကာတာ ကမ္ဘာဖလားမှာ စပိန်အတွက် သူပါဝင်ခွင့်ရမလား အဓိက အဆုံးအဖြတ် ဖြစ်လာပါလိမ့်မယ်။