ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ခံစစ်သမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံရတဲ့ ဖာဒီနန်က သူ့ရဲ့ ကစားသမားဘဝမှာ လီဗာပူးတိုက်စစ်သမား ၃ ဦးကို သဘောမကျခဲ့ကြောင်း ထုတ်ပြောခဲ့ပါတယ်။

ဖာဒီနန်ဟာ သူ့ကို ဒုက္ခကြီးတွေ ပေးခဲ့တာကြောင့် သဘောမကျမိကြောင်းကို ယူကျူ့က သူ့ရဲ့ ချန်နယ်ကနေ ထုတ်ပြောခဲ့တာပါ။ အဲ့သည် တိုက်စစ်သမားတွေကတော့ ဘာလော့တယ်လီ၊ တောရက်စ်နဲ့ ဆွာရက်စ်တို့ ဖြစ်ကြပါတယ်။

ဖာဒီနန်နဲ့ ဘာလော့တယ်လီတို့ဟာ မန်ချက်စတာ ဒါဘီပြိုင်ဘက်တွေအဖြစ် အဓိက ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ ကွင်းတွင်းမှာ ဘာလော့တယ်လီကို မုန်းပေမယ့် နောက်ပိုင်း ကွင်းပြင်ပမှာ အီတလီတိုက်စစ်သမားနဲ့ ဆက်ဆံကြည့်မှပဲ စိတ်ထားကောင်းကြောင်း သိခဲ့ရတယ်လို့လည်း သူက ပြောပြပါတယ်။

ဖာဒီနန်က ပြောရာမှာ ” ကျနော် ဘာလော့တယ်လီကို မုန်းပါတယ်။ ပရိသတ်တွေနဲ့ ပတ်သက်ပြီး မလုပ်သင့်ဘူးလို့ ကျနော်ထင်တဲ့ ကိစ္စ ၂ ခုလောက်ကို သူလုပ်ခဲ့တယ်။ ကျနော်ကတော့ သူက သိပ်ရိုင်းတဲ့ ကစားသမားလို့ ထင်မိခဲ့တာပါပဲ။

ဒါပေမယ့် အခုတော့ သူနဲ့ စကားပြောလို့ ရနေပါပြီ။ ချစ်စရာကောင်းတဲ့ ကောင်ပါပဲ။ ရူးလောက်စရာဆိုပေမယ့် နောက်ပိုင်း သူနဲ့တွေ့တော့ လေးစားစရာ လူတစ်ယောက်ပါပဲ။ ပွဲတွေမှာလည်း ပွဲတွေအပြီးဆိုရင် သူ့ကို လေးစားပါတယ်၊ သူက ကွင်းထဲမှာ သားရိုင်းတစ်ကောင်လို ကစားခဲ့တာပါ ” လို့ ပြောပြပါတယ်။

ဖာဒီနန် အတော်လေး သဘောမကျတဲ့ လီဗာပူးကစားသမား နှစ်ဦးကတော့ တောရက်စ်နဲ့ ဆွာရက်စ်တို့ ဖြစ်ပါတယ်။ တခေတ်တခါက အကောင်းဆုံး ခံစစ်မှူးဖြစ်ခဲ့တဲ့ ဖာဒီနန်ဟာ လီဗာပူးတိုက်စစ်သမား နှစ်ဦးလုံးကို ရင်ဆိုင်ပြီး စိတ်ပျက်ဖွယ် ကျရှုံးခဲ့ဖူးပါတယ်။

ဖာဒီနန်က ” တောရက်စ်ကို မကြိုက်သလောက်ကို ဆွာရက်စ်ကိုလည်း မကြိုက်ပါဘူး။ ဘောလုံးက ကျော်ဖြတ်သွားချိန် သူက ကျနော် ခြေထောက်ကို တက်နင်းခဲ့တယ်။ ကျနော် ဆက်ကစားခဲ့ပေမယ့် ဘောလုံးက ဂိုးဝင်သွားတယ်။ ကျနော်တို့က ရုန်းရင်းဆန်ခတ်တွေ ဖြစ်နေချိန်မှာ သူက ခြေထောက်ကို တက်နင်းခဲ့တာပါ။

ပထမပိုင်းပြီးလို့ မလုပ်သင့်တဲ့ အလုပ်အဖြစ် ဖိနပ်ကို ချွတ်လိုက်တော့ ခြေထောက်မှာ အပေါက်ရာကြီနဲ့၊ ချုပ်ဖို့တောင်လိုခဲ့တယ်။ ကျနော်က ဆေးထိုးပြီး ကစားခဲ့ရတယ်။ အသက်တွေရလာတော့ ဒီဒဏ်ရာက ဒုက္ခပေးလာတော့တာပဲ။ ခြေထောက်မှာ အမာရွတ်တောင် ရှိနေဆဲပါပဲ ” လို့ ပြောပြခဲ့တာပဲ ဖြစ်ပါတယ်။

အခုချိန်မှာတော့ ဒီကစားသမားတွေ အားလုံးက ပရီးမီးယားလိဂ်မှာ မရှိတော့ဘဲ ဘာလော့တယ်လီနဲ့ ဆွာရက်စ်က ဆက်ကစားနေသေးပေမယ့် ဖာဒီနန်နဲ့ တောရက်စ်ကတော့ အနားယူသွားခဲ့ပြီ ဖြစ်ပါတယ်။