လီဗာပူးကြယ်ပွင့်ဟောင်း ဝိုက်နယ်ဒမ်ဟာ ရိုးမားနဲ့ စာချုပ်ချုပ်ဆိုပြီးတဲ့နောက် သူက ပြီးပြည့်စုံတဲ့ ကွင်းလယ်လူဖြစ်တယ်ဆိုတဲ့ ကလော့ပ်ရဲ့စကားကို တုံ့ပြန် မှတ်ချက်ပေးခဲ့ပါတယ်။

နယ်သာလန်သားဟာ မာဆေးဆိုဒ်မှာရှိတဲ့ ၅နှစ်အတွင်း ပရိသတ်အချစ်တော် ဖြစ်ခဲ့ပေမယ့် မနှစ်က နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပီအက်စ်ဂျီထံ ပြောင်းရွှေ့သွားခဲ့တာပါ။ ကံမကောင်းစွာပဲ ပဲရစ်မှာ မျှော်လင့်ထားတဲ့အတိုင်း ဖြစ်မလာခဲ့တာကြောင့် ဝိုင်နယ်ဒန်ဟာ ထပ်မံပြီး ပြောင်းရွှေ့ခဲ့ရပါတယ်။

ဒီတစ်ကြိမ်မှာတော့ နည်းပြ ဟိုဆေးမော်ရင်ညို လက်အောက်က ရိုးမားအသင်းအတွက် စာချုပ်ချုပ်ဖို့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

“ သူက အထင်ကြီးမခံရတာ ကျွန်တော့်အမှား မဟုတ်ပါဘူး။ သူက ကွင်းထဲမှာ အလုပ်နဲ့ သက်သေပြတယ်။ ပြီးပြည့်စုံတဲ့ ကွင်းလယ်လူပါ။ သူ့မှာ ကွင်းလယ်လူတစ်ယောက်အတွက် လိုအပ်တဲ့ အရာအားလုံးရှိတယ်။

ဦးတည်ချက် နှစ်ခုလုံး၊ ကျဉ်းမြောင်းတဲ့ နေရာလွတ်တွေ၊ ကျယ်ပြန့်တဲ့ နေရာလွတ်တွေ၊ ခက်ခဲတဲ့ စိန်ခေါ်မှုတွေ၊ ကစားပုံကောင်းကောင်းတွေ အားလုံးပါပဲ။ ဝိုင်နယ်ဒန်က အဝတ်လဲခန်းထဲမှာလည်း ကောင်းမွန်တဲ့ အရည်အသွေးရှိတဲ့သူပါ။ အရာအားလုံးကို ဟုတ်ကဲ့လို့ပဲ ပြောတဲ့သူ မဟုတ်ပါဘူး ” လို့ ကလော့ပ်က မှတ်ချက်ပေးခဲ့ဖူးတာပါ။

၃နှစ်အကြာ ရိုးမားကစားသမားအဖြစ် မိတ်ဆက်ပွဲမှာ ဝိုက်နယ်ဒမ်က နည်းပြဟောင်း ကလော့ပ်ဆီက ရွှန်းရွှန်းဝေ ချီးကျူးစကားတွေအပေါ် သူ့ကိုယ်သူ နှိမ့်ချပြီး တုံ့ပြန်ပြောကြားခဲ့ပါတယ်။

“ပြီးပြည့်စုံတဲ့ ကွင်းလယ်လူက ဘယ်လိုမျိုးလဲဆိုတာ ပြောဖို့ အရမ်းခက်ခဲတယ်။ လီဗာပူးမှာ ကျွန်တော့်ကစားပုံက ကောင်းကောင်းအံဝင်တာကြောင့် လီဗာပူးအတွက် ပြီးပြည့်စုံတဲ့ ကွင်းလယ်လူဖြစ်ခဲ့တယ် ထင်ပါတယ်။

တခြားအသင်းတွေအတွက် ပြီးပြည့်စုံတဲ့ ကွင်းလယ်လူဖြစ်ဖို့ ခက်ခဲလိမ့်မယ်ဆိုတာ ကျွန်တော် နားလည်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က လီဗာပူးနဲ့ မတူညီတဲ့ ကစားပုံ၊ နည်းစနစ်တွေ ရှိနေလို့ပါ။

ပြီးပြည့်စုံတဲ့ ကွင်းလယ်လူဆိုတာနဲ့ ပတ်သက်ပြီး လူတိုင်းမှာ သူတို့အမြင်တွေ ရှိပါလိမ့်မယ်။ ကလော့ပ်လို နည်းပြတစ်ယောက်က ပြောတယ်ဆိုရင်တော့ အရမ်းပျော်ရွှင်ရမှာပါ’လို့ ဝိုက်နယ်ဒမ်က ဖြေကြားခဲ့တာပါ။

လီဗာပူးဟာ ကွင်းလယ်မှာ ဝိုင်နယ်ဒန်နေရာကို အစားမထိုးနိုင်ခဲ့သလို ဒဏ်ရာပြဿနာတွေ စုပြုံလာတဲ့နောက် အရေးပေါ် အခြေအနေ ဖြစ်နေပါတယ်။ ချိန်ဘာလိန်၊ ကာတစ်ဂျုံး၊ ကိတ်တာနဲ့ အယ်ကန်တာရာတို့အားလုံး ဒဏ်ရာကြောင့် အနားယူနေရပါတယ်။