လီဗာပူးအသင်း ကွင်းလယ်မှာ လူသစ်ခေါ်ယူဖို့ အလောတကြီး ဖြစ်လာနေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ အသင်းခံစစ်သမားဟောင်း ကာရေဂါက သူ့ရဲ့ အမြင်ကို အခုလို ပြောဆိုခဲ့ပါတယ်။

ကာရေဂါက ” ဖူလ်ဟမ်နဲ့ သရေပွဲဟာ ကျွန်တော်တို့ သိထားတဲ့ လီဗာပူး မဟုတ်ခဲ့ပါဘူး။ လွန်ခဲ့တဲ့ ၂နှစ်အတွင်း ကျွန်တော်တို့ မြင်တွေ့ခဲ့တဲ့ လီဗာပူးလည်း မဟုတ်ပါဘူး။ ဒါဟာ ယာဂင်ကလော့ပ်ရဲ့ အသင်းတစ်သင်းဆီက မြင်ခဲ့ရတဲ့ အဆိုးရွားဆုံး စွမ်းဆောင်ရည်တစ်ခု ဖြစ်ခဲ့ပါတယ်။

လီဗာပူးနည်းပြကတောင် ခြေစွမ်း ဆိုးရွားခဲ့ပါကြောင်း ရှေ့ထွက် ပြောဆိုခဲ့ပါတယ်။ ဖူလ်ဟမ်ဟာ တခြားအသင်းတွေကို လီဗာပူး လုပ်ချင်သလိုမျိုး လီဗာပူးကို သူတို့ ပြန်လုပ်ခဲ့တာပါ။ သူတို့တွေဟာ အင်အားတက်ကြွနေခဲ့ပြီး ပွဲအတွက် ပိုမိုအဆင်သင့် ဖြစ်နေခဲ့ပါတယ်။ လီဗာပူးအသင်းရဲ့ အဆင်သင့် မဖြစ်သေးတဲ့ ပုံစံကို သိပ်မြင်ရလေ့ မရှိပါဘူး။

ပရိသတ်တွေ အင်တိုက်အားတိုက် အားပေးနေတဲ့ တန်းတက်တစ်သင်းရဲ့ ပထမဆုံးပွဲဟာ ရပ်တန့်ဖို့ ခက်ခဲလွန်းပါတယ်။ လီဗာပူးလို အရည်အသွေးနဲ့ အသင်းက ဖူလ်ဟမ်ရဲ့ တက်ကြွမှုကို ရပ်တန့်နိုင်မယ် မျှော်လင့်ထားပေမယ့် ဖြစ်မလာခဲ့ပါဘူး။ အရမ်းကြီး ဝေဖန်လို့လည်း မရပါဘူး။ ဒါက အဆုံးသတ် မဟုတ်သေးဘဲ ပထမဆုံးပွဲပဲ ရှိပါသေးတယ်။ နောက်ထပ် ၃၇ ပွဲကစားရဦးမှာပါ။

လီဗာပူးရဲ့ ကွင်းလယ်ကို အင်အားဖြည့်တင်းရမယ်လို့ အများက ပြောကြပါတယ်။ လူအရေအတွက်နဲ့ ကိန်းဂဏန်း တိုးလာအောင်အတွက် အားဖြည့်ဖို့ မဟုတ်ဘဲ အသင်းအတွက် မတူညီတဲ့ တစုံတစ်ရာကို ပေးနိုင်ဖို့ အရည်အသွေးပိုင်း အားဖြည့်မှုမျိုးကို လုပ်ရမှာပါ။

လီဗာပူရဲ့ ပထမဦးစားပေး ကွင်းလယ်လူတွေဟာ အသက် ၃၀ တန်းကို ရောက်လာနေပါပြီ။ တခါတလေမှာ ပိုငယ်ရွယ်ပြီး အင်အားရှိတဲ့သူကို လိုအပ်ပါတယ်။ သူတို့မှာ အဲ့လို လူငယ်ကစားသမားတွေ ရှိပေမယ့် အားလုံးက ဒဏ်ရာရနေတာပါ။

ကလော့ပ်နဲ့ လီဗာပူးတို့ လိုချင်တဲ့ ကွင်းလယ်လူကိုပဲ ရသွားစေချင်ပါတယ်။ အပြောင်းအရွှေ့ဈေးကွက်မှာ လီဗာပူး အောင်မြင်ခဲ့တာက ဈေးကွက်မှာ အလျင်စလို ခေါ်ယူမှုတွေ မလုပ်လို့ပါဘဲ။ အတိတ်တုန်းက သူတို့တွေ အဲ့လို ခေါ်ယူမှုတွေကို မလုပ်ခဲ့ဘူး။ ဒါပေမယ့် လက်တလောမှာက ကွင်းလယ်အတွက် အလောတကြီး ရှာနေရသလို ဖြစ်နေတယ်။ သူတို့ ဒါမျိုး အဖြစ်ခံလို့ မဖြစ်ပါဘူး။

သူတို့လိုချင်တဲ့ ကွင်းလယ်လူ မရှိရင် မခေါ်ဘူးပေါ့။ ဒါပေမယ့် အရည်အသွေးရှိပြီး ခေါ်လို့ရနိုင်တဲ့သူ တစ်ယောက်ယောက်ရှိလာရင် ခေါ်စေချင်ပါတယ်။ လီဗာပူးအသင်း အလျင်စလို ခေါ်ရတာတွေ မဖြစ်ဖို့ လိုပါတယ်။ ဒါက ဈေးကွက်မှာ လီဗာပူး စဉ်းစားဆုံးဖြတ်တဲ့ နည်းလမ်းပါ။

ဗန်ဒိုက်ရဲ့ အပြောင်းအရွှေ့ကို ပြန်ကြည့်ရင် နွေရာသီမှာ အပြောင်းအရွှေ့ မဖြစ်ခဲ့ဘဲ ဇန်နဝါရီအထိ စောင့်ခဲ့ရပါတယ်။ အဲ့ကာလတွေမှာ သူတို့ လိုအပ်တဲ့ ဗဟိုခံစစ်မှူးကို မရခဲ့ဘူး။

ဒါပေမယ့် သူတို့လိုချင်တဲ့သူကို ရဖို့ အချိန် စောင့်ဆိုင်းခဲ့သလို အောင်မြင်တဲ့ အပြောင်းအရွှေ ဖြစ်လာခဲ့တယ်။ ကွင်းလယ်အတွက်လည်း အလားတူပဲ လီဗာပူးအသင်း လုပ်ပါလိမ့်မယ် ” လို့ သုံးသပ်သွားတာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ဒီလထဲမှာ ကွင်းလယ်လူ တစ်ဦးကို ခေါ်ယူဦးမလား စောင့်ကြည့်နေကြတာဖြစ်ပြီး ဈေးကွက်ပိတ်ဖို့ ရက်ပေါင်း ၂၀ ပဲ ကျန်ရှိတော့တာ ဖြစ်ပါတယ်။