ကိုယ်တိုင်က လီဗာပူးပရိသတ်ဖြစ်သလို အသင်းကို အမာခံ အားပေးတဲ့ မိသားစု နောက်ခံပါရှိထားတဲ့ ဟာဗေး အယ်လီးယော့ဟာ ဒီကနေ့မှာပဲ ၂၀၂၇ ခုနှစ်ထိရှိမယ့် သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ပါပြီ။

လီဗာပူးအသင်းဟာ မနှစ်က နွေတုန်းကပဲ ဟာဗေးကို ၅ နှစ် သက်တမ်းတိုးထားခဲ့တာပါ။ ဒါပေမယ့်လို့ ကစားသမားရဲ့ တိုးတက်လာမှု၊ အနာဂတ် အလားအလာတွေကို တွက်ဆကာ ပိုကောင်းတဲ့ စာချုပ်သစ်တစ်စောင်ကို ပြင်ဆင် ပေးပို့ခဲ့တာဖြစ်ပါတယ်။

ဟာဗေးကတော့ ငယ်စဉ်တည်းက သူအားပေးရတဲ့ အသင်းမှာပဲ ကစားသမားဘဝ ကုန်ဆုံးတဲ့ထိ နေထိုင်ခွင့်ရဖို့ မျှော်လင့်နေပါတယ်။

“ ကျနော် ကစားသမားဘဝကို လီဗာပူးမှာပဲ ကုန်ဆုံးဖို့ မျှော်လင့်ထားတယ်။ အဲ့တာကြောင့်ပဲ ကျနော် ဒီကို ရောက်လာတာပါ။ ရိုးရိုးသားသား ပြောရရင် ကိုယ်ဘာသာ ဒီအသင်းရဲ့ ကစားသမားတစ်ယောက် ဖြစ်လာဖို့နဲ့ လီဗာပူးအတွက် တတ်နိုင်သလောက် ကစားပေးနိုင်ဖို့ ရည်မှန်းထားပါတယ်။ အဲ့တာကပဲ ကျနော်လိုချင်တာ အားလုံးပါပဲ။

လီဗာပူးဂျာစီကို ဝင်ဆင်ပြီး ပွဲကစားရင်း ကိုယ်ဘာသာ ပျော်ရွှင်နေရတာပဲ လိုချင်ပါတယ်။ အိမ်နောက်ဖေး ပန်းခြံထဲမှာ လီဗာပူးဂျာစီဝတ်ပြီး ဘောလုံးကစားတာကို မှတ်မိသေးတယ်။ ဂိုးတွေသွင်းပြီး ကိုယ်ဘာသာ လီဗာပူး ကစားသမားတစ်ယောက်လို ပျော်ရွှင်ခဲ့ရတာပေါ့။ အခု ကျနော် အသင်းနဲ့အတူ ရှိခွင့်ရနေပါပြီ။

နှစ်တွေကြာလာလို့ အတိတ်ကို ပြန်ကြည့်တဲ့အခါမှာ ‘သိပ်ကောင်းတဲ့ အိပ်မက်ပဲ၊ ကိုယ်ရဲ့ အိပ်မက်ကို တကယ်ဖြစ်လာအောင် ကြိုးစားနိုင်ခဲ့တာပဲ ’ လို့ ပြန်ပြီး အမှတ်ရချင်မိပါတယ် ” လို့ ပြောပြပါတယ်။

ပြီးခဲ့တဲ့ ဧပြီလကမှ အသက် ၁၉ နှစ်ပြည့်ခဲ့တဲ့ ဟာဗေးဟာ ဒီရာသီမှာ စီနီယာအသင်းရဲ့ အသင်းသားအဖြစ် ပိုမို ပါဝင်ခွင့်ရလာသူပါ။ သူဟာ ဒီရာသီမှာတော့ ပွဲအများအပြား ကစားခွင့်ရမယ်လို့လည်း ယုံကြည်ခံထားရပါတယ်။

စာချုပ်သစ် လက်မှတ်ထိုးအပြီး ဟာဗေးက “ ကျနော်ကတော့ ဖိအားတွေ အများကြီးရှိတယ်လို့ မထင်ပါဘူး။ ဒါပေမယ့် မနှစ်က အငှားကနေ ပြန်လာခဲ့တုန်းကထက်စာရင် အခြေအနေ အများစုမှာ စီနီယာကစားသမား ပိုပီသလာတယ်လို့ ထင်မိတယ်။

အသင်းနဲ့ ပူးပေါင်းတဲ့ ပထမဆုံးရာသီမှာ ကျနော် ပွဲမကစားရဘူး။ ကုန်ခဲ့တဲ့ ၂ ရာသီမှာ တတ်နိုင်သလောက် အကောင်းဆုံးလုပ်ခ့တယ်။ အခုတော့ ပိုပြီး အသားကျလာပြီ ထင်ပါတယ်။ လီဗာပူးဂျာစီကို ဝတ်ဆင်ပြီး ဆက်ကစားဖို့ စိတ်လှုပ်ရှားနေမိတယ်။ ကွင်းထဲ ထပ်ပြီး ခြေချရဖို့ မစောင့်နိုင်အောင်ပါပဲ ” လို့ ဆိုသွားတာ ဖြစ်ပါတယ်။