မန်စီးတီး ကွင်းလယ်လူ ဘာနာဒို ဆေးဗားဟာ မန်စီးတီး လက်ထဲက ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ကို စိန်ခေါ်ဖို့ လီဗာပူးတစ်သင်းထဲရှိမှာ မဟုတ်တော့ဘူးလို့ ထုတ်ပြောလာပါတယ်။

ကုန်ခဲ့တဲ့ ၅ ရာသီအတွင်းမှာ အမှတ်ပေးဖလားကို ကလော့ပ်နဲ့ ဂွာဒီယိုလာရဲ့ အသင်းတို့ အပြိုင် ကြိုးစားခဲ့ကြတာပါ။ လီဗာပူးအသင်းဟာ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာ ချန်ပီယံဖြစ်ခဲ့သလို ၅ နှစ်အတွင်း ၂ ရာသီမှာ မန်စီးတီးနောက် ၁ မှတ်အကွာ ဒုတိယနေရာတွေက ကျေနပ်ခဲ့ရတာဖြစ်တယ်။

ဒါကြောင့်လည်း အင်္ဂလန်လိဂ်ကို ၂ ကောင်းတည်းပြေးတဲ့ ပြိုင်ပွဲ ဖြစ်လာနေတယ်လို့ ဆိုကြပေမယ့် အဲ့အမြင်ကို ဘာနာဒို ဆေးဗားက လက်မခံပါဘူး။ သူကတော့ လီဗာပူးနဲ့ မန်စီးတီးအပြင် ကြီး ၆ ကြီး ကလပ်တွေက ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် အပြိုင် ကြိုးစားနိုင်ကြတယ်လို့ ဆိုပါတယ်။

“ ပရီးမီးယားလိဂ်ဆုဖလားကို ဘယ်အသင်းတွေ စိန်ခေါ်မလဲ ဆိုတာက ခန့်မှန်းလို့ မရပါဘူး။ ပြီးခဲ့တဲ့ လေးငါးရာသီအတွင်း ဖြစ်ပျက်ခဲ့တာတွေကို ကြည့်လိုက်ရင် စီးတီးနဲ့ လီဗာပူးကိုပဲ မြင်ကြပါတယ်။ နှစ်သင်းကပဲ ဗိုလ်စွဲဖို့ ရေပန်းစားတဲ့ အသင်းနှစ်သင်းလို့ ထင်ကြလေ့ ရှိပါတယ်။

ဒါပေမယ့် ချယ်ဆီး တည်ဆောက်နေတဲ့ အသင်းကို ကြည့်လိုက်ပါ။ စပါးကလည်း အများကြီး ပိုကောင်းလာတယ်။ အာဆင်နယ်ကလည်း ပိုကောင်းလာပါတယ်။ ယူနိုက်တက်ဟာ နည်းပြသစ်နဲ့ ကစားသမားသစ်တွေ ရှိတယ်။ သူတို့အားလုံးက ပိုကောင်းလာမှာမို့လို့ နှစ်တိုင်း ပြိုင်ပွဲက ပိုပိုပြီး ပြင်းထန်လာပါတယ်။

စီးတီးနဲ့ လီဗာပူးက လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ထိပ်တန်းမှာ ရှိနေခဲ့တာ မှန်ပါတယ်။ ဒါကြောင့် အားလုံးက ဒီနှစ်သင်းထံကနေ နည်းနည်းပိုပြီး မျှော်လင့်ထားကြမှာပါ။ ဒါပေမယ့် ပရီးမီးယားလိဂ်မှာ ဘာကိုမှ ခန့်မှန်းလို့မရပါဘူး။ အရာအားလုံးအတွက် တိုက်ပွဲဝင်နိုင်တဲ့ အသင်း ၆ သင်းရှိနေတာပါ ” လို့ ဆေးဗားက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဆေးဗားရဲ့ ပြောဆိုမှုက မမှားပါဘူး။ အသင်းတွေဟာ ပိုမိုတိုးတက်လာဖို့ အရှိန်ယူကြရင်း ဘောလုံးရာသီတိုင်းမှာ ပိုကောင်းလာနေကြပါတယ်။

လီဗာပူးအသင်းအနေနဲ့ ဒီရာသီမှာ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်ဖို့အတွက် မန်စီးတီး တစ်သင်းနဲ့တင် ထိပ်တိုက်တွေ့မှာ မဟုတ်ဘဲ ချယ်ဆီး၊ စပါး၊ အာဆင်နယ်တို့နဲ့ပါ အကျိတ်အနယ် ယှဉ်ပြိုင်ရတော့မှာပဲ ဖြစ်ပါတယ်။