ဒီနွေမှာ နူးညက်စ်၊ ကာဗာရို၊ ရမ်ဆေးတို့ကို ခေါ်ယူထားတဲ့ လီဗာပူးအသင်းဟာ နောက်ထပ် ခေါ်ယူမှုတွေကို လုပ်လာဦးမလားဆိုတာ စောင့်ကြည့်ရမှာပါပဲလို့ သတင်းထောက် Jacobs က ပြောပါတယ်။

“ ဒါက မေးခွန်းတစ်ခုလေ၊ ဟုတ်တယ် မဟုတ်လား။ လီဗာပူးက ဘယ်တော့မှ မခေါ်တော့ဘူး ဆိုတာမျိုး မပြောပါဘူး။ ဒါပေမယ့် အခုချိန်ထိ ဈေးကွက်ကနေ သူတို့ ခေါ်ယူခဲ့မှုတွေကို အတော်လေး ကျေနပ်ထားပါတယ်။

ဒဏ်ရာတွေကြောင့် လူသစ်ခေါ်မလားလို့ ကျနော်တို့ တွေးထင်ကြတယ် ဒါပေမယ့် လီဗာပူးက အဲ့အကြောင်းရင်းနဲ့ လူသစ် ခေါ်ယူမှာ မဟုတ်ပါဘူး ” လို့ The Done Deal Show အစီအစဉ်ကနေ ပြောခဲ့ပါတယ်။

သီယေဂို ဒဏ်ရာရခဲ့တာကြောင့် လီဗာပူးအသင်းက ကွင်းလယ်လူသစ် အားဖြည့်ရမယ်လို့ ပရိသတ်တွေဘက်က ယုံကြည်ပါတယ်။ ဒါပေမယ့်လို့ ကလော့ပ်နဲ့ အသင်းကတော့ လူသစ်တစ်ဦး ခေါ်ယူရင် အချိန်ထပ်ပေးရတာမို့ အပြောင်းအရွှေ့ကနေ ဒဏ်ရာပြဿနာကို ဖြေရှင်းတာက မှန်ကန်တဲ့ နည်းလမ်း မဟုတ်ဘူးလို့ မြင်ပါတယ်။

နည်းပြရဲ့ အမြင်က အရေးကြီးပေမယ့် ဆုဖလားတွေအတွက် တောင့်တင်းတဲ့ လူစာရင်းနဲ့ ယှဉ်ပြိုင်သွားတာမျိုးကို မြင်ရဖို့ကို ပရိသတ်တွေက ဆန္ဒရှိကြတာဖြစ်ပါတယ်။

“ လီဗာပူးရဲ့ ဘောလုံးဌာနနဲ့ ကျနော် ကောင်းကောင်းသိပါတယ်။ အဲ့က တစ်ယောက်၊ နှစ်ယောက်နဲ့ အဆက်အသွယ်ကောင်း ရှိပါတယ်။ ကျနော် ပြောနေတာ စီနီယာအဆင့် တာဝန်ရှိသူ တစ်ဦးနဲ့ သိတယ်ဆိုတာပါ။ အဲ့လောက်အဆင့်က လူနဲ့ဆိုတော့ မိနစ်တိုင်း အပြန်အလှန် စကားပြောနေတာမျိုး မဟုတ်ဘူးပေါ့ဗျာ။

ကျနော်သိတဲ့ လီဗာပူးအသင်းက ပုဂ္ဂိုလ်က နှစ်တိုင်း ဒီလိုပါပဲလို့ ပြောတယ်။ သူတို့က ဈေးကွက်စတာနဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖွင့်ပြီး သတင်းထူးတွေကို ရယ်တော့တာပဲတဲ့။

လီဗာပူးက သူတို ဘာလုပ်ရမယ်ဆိုတာကို သဲသဲကွဲကွဲရှိပြီး ဒဏ်ရာတွေကြောင့်နဲ့ လူခေါ်မယ့်အသင်း မဟုတ်ပါဘူး။ မှန်ကန်တဲ့ အခွင့်အလမ်းတွေဆိုရင်တော့ သူတို့ ခေါ်ယူမှာပါ။ ကျနော်တို့ စောင့်ရမှာပေါ့၊ ကြည့်ရမှာပေါ့ ” လို့ Jacobs ဆိုသွားခဲ့တာဖြစ်ပါတယ်။

လက်တလောမှာ ကွင်းလယ်ကစားသမား အချို့ရဲ့ အေးဂျင့်တွေက လီဗာပူးအသင်းထံ ဆက်သွယ်ပြီး သူတို့ ကစားသမားတွေကို ခေါ်ယူနိုင်ကြောင်း ချိတ်ဆက်နေကြပါတယ်။ လီဗာပူးအသင်းဘက်က အေးဂျင့်တွေကို စကားပြန်ပြီး လက်ခံ ပြောဆိုပေမယ့် ကလပ်အချင်းချင်း ညိနှိုင်းစကားပြောမှုတော့ လုံးဝ မရှိသေးတာ ဖြစ်ပါတယ်။