ကသောင်းကနင်းနိုင်တဲ့ အာရှ ရာသီကြိုပွဲတွေ အပြီးမှာ လီဗာပူးအသင်းဟာ ရာသီကြိုအတွက် ပြင်ဆင်မှုတွေကို အာရုံစိုက်ဖို့ သြစတြီးယားကို ထွက်ခွာခဲ့ပါတယ်။

ဆဲလ်ဘတ်က Brandlhof Hotel မှာ စီနီယာအသင်း တည်းခိုခဲ့ပြီး အသင်းသားတွေ ကျင့်သားရနေတဲ့ ဒေသမှာပဲ ရာသီကြို ပြင်ဆင်မှုကို အကောင်းဆုံး လုပ်ဆောင်ခဲ့ပါတယ်။ ဒီနွေမှာ ခေါ်ယူခဲ့တဲ့ အဓိက ကစားသမားတွေကို မိတ်ဆက်မှုကိုလည်း အဆိုပါ ဟိုတယ်မှာပဲ လုပ်သွားခဲ့ပါတယ်။

ရုပ်ပိုင်းဆိုင်ရာ အခြေအနေ တိုးတက်လာဖို့အတွက် လေ့ကျင့်ခဲ့သလို ရာသီကြို ခရီးစဉ်ဟာ အသင်းဖော်တွေကြား ရင်းနှီးမှုနဲ့ အချင်းချင်း နားလည်မှုတွေအတွက် သင်ယူဖို့ကောင်းတဲ့ အခိုက်အတန့်ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် အာရှ ခရီးစဉ်မှာ အများကြီး ဖိအားဝင်ခဲ့တဲ့ ဒါဝင် နူးညက်စ်လို ကစားသမားသစ်အတွက် အရေးပါခဲ့ပါတယ်။

လီဗာပူးအသင်းရဲ့ လူသစ်တစ်ယောက်ဖြစ်တာကြောင့် ဒါဝင် နူးညက်စ်ဟာ လူသိပ်မရောဘဲ တစ်ယောက်ထဲ တိတ်တိတ်ဆိတ်ဆိတ်ပဲ နေလေ့ရှိပါတယ်။ ဒါကြောင့် ညပိုင်း ကာရာအိုကေ အချိန်မှာ သူဘာလုပ်မလဲကို အသင်းဖော်တွေက သိချင်နေခဲ့ကြပါတယ်။

အစဉ်အလာ ဧည့်ခံပွဲကို ပြုလုပ်ချိန်မှာ မိုက်ခရိုဖုန်း ကိုင်ဖို့ စောင့်နေတဲ့ ဒါဝင် နူးညက်စ်ဟာ စိုးရိမ်နေပုံရပါတယ်။ စင်ပေါ် ရောက်သွားချိန်မှာတော့ အင်္ဂလိပ်စကား မပြောနိုင်သေးတဲ့ ဒါဝင်ဟာ စပိန်သီချင်းတစ်ပုဒ်ကို သီဆိုခဲ့ပါတယ်။ အဲ့မှာပဲ အခြေအနေက လုံးဝ ပြောင်းလဲသွားတာပါ။

လီဗာပူးအသင်းရဲ့ လက်တင်သားအဖွဲ့က နူးညက်စ်နဲ့အတူ ဝိုင်းဝန်း သီဆိုပေးခဲ့ကြပြီး လူးဝစ်ဒီယက်စ်ဟာ ခပ်မြန်မြန်ပဲ အကျီကို ဝှေ့ယမ်းလို့ ဒါဝင်နူးညက်စ်ရဲ့ သီဆိုမှုကို ကခုန် အားပေးခဲ့တယ်။ ချက်ခြင်းဆိုသလိုပဲ ဧည့်ခံပွဲအတွင်းက အသင်းဖော် အားလုံးက ဒါဝင်ရဲ့ ဖျော်ဖြေမှုကို ဒီယက်စ်နည်းတူ အားပေးခဲ့ကြပါတယ်။

အသင်းဖော်တွေနဲ့ ခပ်မြန်မြန် ခင်မင်ခဲ့ခြင်းဟာ နူးညက်စ်အတွက် အတော်လေး စိတ်လက်ပေါ့ပါးခဲ့ဟန် ရှိပါတယ်။ ဒါ့အပြင် ဆာလာကလည်း လိုက်ဇစ်နဲ့ပွဲမှာ ရတဲ့ ပင်နယ်တီကို နူးညက်စ် ကန်ဖို့ ခွင့်ပေးခဲ့ပါတယ်။ အဲ့ပွဲမှာတော့ နူးညက်စ်က ၄ ဂိုးထိ သွင်းယူနိုင်ခဲ့ပါတယ်။

အဲ့နောက်ပိုင်း လေ့ကျင့်ရေးမှာ အသက် ၂၃ နှစ်အရွယ် တိုက်စစ်မှူးကို သီယေဂို၊ ဖာဘင်ညို၊ ဖာမင်နိုနဲ့တကွ စပိန်စကားပြောနိုင်တဲ့ စီနီယာတွေ ကူညီပေးနေခဲ့တယ်။ ဆာလာကလည်း နူးညက်စ်နဲ့ အတူတွဲပြီး လေ့ကျင့်ရေးတွေ ဆင်းခဲ့ပါတယ်။

ကွန်မြူနတီဒိုင်းပွဲမှာ လူစားဝင်လာပြီး တတိယဂိုးကို ခေါင်းတိုက် သွင်းယူခဲ့တဲ့ နူးညက်စ်ဟာ ဖူလ်ဟမ်နဲ့ပွဲမှာလည်း ကိုယ်တိုင် ၁ ဂိုးသွင်း ၁ ဂိုး ဖန်တီးမှု လုပ်ခဲ့ပါပြီ။ သူ့ရဲ့ အသားကျ မြန်မှုနဲ့အတူ ပဲလေစ့်ပွဲမှာ ပွဲထွက်လူစာရင်းကနေ ထုတ်သုံးဖို့ တောင်းဆိုခံရမှုတွေ ရှိနေပြီဖြစ်ပါတယ်။

ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ လီဗာပူးကို ရောက်လာတဲ့ ဥရုဂွေးသားဟာ သူ့ရဲ့ စီနီယာဖြစ်သူ လူးဝစ် ဆွာရက်စ် ခြေရာနင်းပြီး အန်ဖီးရဲ့ အတောက်ပဆုံး တိုက်စစ်သမား ဖြစ်လာဖို့ စိတ်ဆန္ဒ ပြင်းပြနေမှာပဲ ဖြစ်ပါတယ်။