လီဗာပူးနည်းပြ ကလော့ပ်က ဖူလ်ဟမ်နဲ့ပွဲက သူစိတ်ပျက်ခဲ့ရတဲ့ အသင်းရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာနဲ့ သွင်းဂိုးအတွက် မျှော်လင့်စရာတွေကို ပဲလေစ့်ပွဲကြိုမှာ ပြောကြားခဲ့ပါတယ်။

လီဗာပူးဟာ မနှစ်က ပဲလေ့စ်နဲ့ အိမ်ကွင်း အဝေးကွင်း နှစ်ပွဲလုံးကို အနိုင်ရခဲ့ပြီး ၂၀၁၇ ကတည်းက သူတို့ကို ရှုံးနိမ့်ခဲ့ခြင်း မရှိပါဘူး။ ဒါပေမယ့်လို့ ဖူလ်ဟမ်နဲ့ပွဲတုန်းက စိတ်ဓါတ်တွေအတိုင်း ကစားမယ်ဆိုရင် ပဲလေစ့်နဲ့ပွဲမှာ ခံစားသွားရမှာဖြစ်ပါတယ်။ အသင်းရဲ့ စိတ်ဓါတ်ပိုင်းက အဓိက ဖြေရှင်းရမယ်လို့ ကလော့ပ်က မြင်ခဲ့ပါတယ်။

“ ပွဲပြီးတော့ ကျနော်တို့ အဲ့ဒါကို ဖြေရှင်းခဲ့ပါတယ်။ အထနှေးနေခဲ့တာကို သဘောမကျဘူး။ ပြန်လည်တိုက်ခိုက်ချင်တဲ့ စိတ်ဓာတ်ကိုတော့ မြင်တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် အစကတည်းက ပြင်းပြင်းထန်ထန်နဲ့ အာရုံစူးစိုက်ထားရင် ပိုကောင်းမှာပါ။

နိုးကြားလာဖို့ အချိန်တွေအကြာကြီး ယူခဲ့ရတော့ ဖူလ်ဟမ်က အရှိန်ရသွားတယ်။ အဲ့ဒါကြောင့် ကျနော်တို့ သူတို့ကို ပြန်လည် တိုက်ခိုက်ခဲ့ရပါတယ် ” လို့ ကလော့ပ်က ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဒီနွေမှာ ဒါဝင်နဲ့ ဟာလန်းတို့ နှစ်ဦး ပရီးမီးယားလိဂ်ကို တစ်ပြိုင်တည်း ရောက်လာမှုနဲ့အတူ ဘယ်သူက ပိုပြီး ဂိုးသွင်းမလဲဆိုတာက မေးခွန်းတစ်ခုဖြစ်ပါတယ်။ ကလော့ပ်ကတော့ အဲ့လို ပြိုင်ဆိုင်နေတာထက် ကိုယ်ပိုင် ဘောလုံးကစားဟန်တွေမှာ တိုက်စစ်မှူးတွေ အံဝင်ရေးပဲ ဂရုစိုက်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။

မနှစ်ကရာသီကုန်ပိုင်းမှာ လီဗာပူးအသင်းဟာ သွင်းဂိုးရယူဖို့ ခက်ခဲခဲ့တာကြောင့် ဗိုလ်လုပွဲတွေမှာ သွင်းဂိုး လုံးဝ မရခဲ့ပါဘူး။ ဒါဝင်ဟာ အဆိုပါ အခြေအနေအတွက် ဖြေရှင်းမှုဖြစ်လာနိုင်ကြောင်းကို လီဗာပူးနည်းပြ ထောက်ပြခဲ့ပါတယ်။

‘ မနှစ်က ရာသီကုန်ပိုင်းမှာ သွင်းဂိုးလို အနေအထားအတွက် မျှော်လင့်ရတဲ့ အခြေအနေ တစ်ခုခု ရှိနေခဲ့တယ်ဆိုရင် ဒါဝင်က အဲ့အတွက် လှုံ့ဆော်မှုပဲ ဖြစ်ပါလိမ့်မယ်။

သွင်းဂိုး အခြေအနေတွေအတွက် ဒါဝင်က လုံလောက်မလား အခုချိန်တော့ ကျနော် မသိဘူး။ ဒီအခြေအနေမှာ သူက ကျနော်တို့အတွက် ဂိုးတွေ သွင်းပေးပြီး ဂိုးထောက်ပံ့မှုတွေ ဖန်တီးပေးနေပါတယ်။ မန်စီးတီးမှာ ဟာလန်းက ကြိုးစားနေပြီး သူက အဆုံးသတ်ကောင်းတဲ့ တိုက်စစ်သမားဆိုတာ ရှင်းပါတယ်။

ကျနော်တို့ကလည်း ကိုယ်ရဲ့ ကိုယ်ပိုင် ဘောလုံးနဲ့ ပတ်သက်လို့ပဲ ကြိုးစားရမှာ ဖြစ်ပါတယ် ‘ လို့ ကလော့ပ်က ပြောဆိုသွားတာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ တနင်္လာနေ့ည အန်ဖီးမှာ ပဲလေစ့်ကို ယှဉ်ပြိုင်တဲ့အခါ ဒါဝင်ကို ပွဲထွက် လူစာရင်းကနေ ထုတ်သုံးလာဖွယ် ရှိနေတာပဲ ဖြစ်ပါတယ်။