ရီးရဲလ်မက်ဒရစ်ဟာ ၄င်းတို့ရဲ့ အဓိက ပစ်မှတ် ဖရန့်ဖတ်အသင်းမှ ဆာဘီးယားသား တိုက်စစ်သမား လူကာဂျိုဗစ်ကို ခေါ်ယူနိုင်လိုက်ပြီ ဖြစ်ကြောင်း အတည်ပြုသွားခဲ့ပါတယ်။ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်အတွင်းမှာ ရီးရဲလ်မက်ဒရစ်ကတော့ ကစားသမားဝယ်ယူမှုတွေ ရောင်းချမှုတွေနဲ့ အလုပ်များနေပြီး ခပ်သွက်သွက်လည်း လှုပ်ရှားနေတဲ့ အသင်း ဖြစ်ပါတယ်။

ရီးရဲလ်အသင်းဟာ ခရစ္စတီယာနိုရိုနယ်ဒိုကို ဂျုဗင်တပ်စ်အသင်းဆီ ရောင်းချလိုက်ပြီးနောက် ၄င်းနေရာအတွက် ကစားသမားကောင်းတွေ ပြန်လည် ခေါ်ယူဖို့ ပျက်ကွက်ခဲ့တာကြောင့် အသင်းရဲ့ တိုက်စစ်မှာ ဘန်ဇီမာ တစ်ယောက်တည်းကိုပဲ အားကိုးခဲ့ရပြီး ဘေးလ်မှာလည်း ဒဏ်ရာတွေကြောင့် ပုံမှန်ခြေစွမ်းမပြနိုင်ဘဲ တိုက်စစ်က ရုန်းကန်ခဲ့ရတာပါတယ်။

ဒါကြောင့် လာမယ့်ဘောလုံးရာသီမှာ အသင်းရဲ့ တိုက်စစ်ပိုင်း ကစားသမားသစ် များစွာကို ပစ်မှတ်ထား ကြိုးစားနေခဲ့တာပါ။ ပြီးခဲ့တဲ့ တစ်ပတ်ကပဲ ဂျိုဗစ်အနေနဲ့ ရီးရဲလ်ကို ပြောင်းရွှေ့ကစားတော့မယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်လာခဲ့ပေမယ့်လည်း တကယ်တမ်းမှာတော့ ဒီသတင်းတွေက အမှန်တိုင်းဖြစ်မလာခဲပေမယ့် အခု ထွက်ပေါ်လာတဲ့ သတင်းကတော့ ကျိန်းသေသလောက်ကို ရှိနေပြီလို့ သတ်မှတ်နိုင်ပါတယ်။

ရီးရဲလ်အသင်းဟာ တိုက်စစ်မှူးဂျိုဗစ်အတွက် ပေါင် ၅၈သန်းနဲ့ ၆နှစ်စာချုပ်ချုပ်ဆိုကာ ခေါ်ယူခဲ့တာဖြစ်ပြီး သူရဲ့ အသင်းဟောင်း ဘင်ဖီကာ အသင်း ဆီကိုလည်း စာချုပ်ပါ အချက်အလက်တွေကြောင့် ပေါင်၁၀သန်းခန့် ပေးချေခဲ့ရတယ်လို့ နာမည်ကျော် အားကစားသတင်း ဌာနကနေ ဖော်ပြလာခဲ့ပါတယ်။

ဂျိုဗစ်ကို ရီးရဲလ်အသင်းဆီ လက်လွက်လိုက်ရတာနဲ့ပတ်သက်ပြီး ဖရန့်ဖတ်အသင်းရဲ့ အကြီးအကဲက အသင်းအတွက် ကြီးမားတဲ့ ဆုံးရှုံးမှု တစ်ခုလို့ သတ်မှတ်ပြောဆိုခဲ့ပေမယ့်လည်း အခုလို ရောင်းချလိုက်ရခြင်းကြောင့် သူတို့အသင်းရဲ့ ဘဏ္ဍာရေးအခြေအနေတွေကို ပြေလည်သွားစေနိုင်တယ်လို့ ပြောဆိုထားခဲ့ပါတယ်။

အသက် ၂၁နှစ်အရွယ်ရှိ ဂျိုဗစ်ဟာ ပြီးခဲ့တဲ့ရာသီက ဖရန့်ဖတ်အတွက် ပြိုင်ပွဲစုံ ၂၇ဂိုး အထိ သွင်းယူနိုင်ခဲ့ပြီး အခုမှ အသက် ၂၁နှစ်ပဲ ရှိပါသေးတယ်။ ၄င်းကို မန်ချက်စတာ ယူနိုက်တက်ကလည်း ပစ်မှတ်ထားနေပြီး ရီးရဲလ်က လက်ဦးမှု ယူနိုင်ခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်အသင်းဟာ တိုက်စစ်ပိုင်းအတွက် သူတို့အသင်းရဲ့ အဓိကပစ်မှတ်ဖြစ်သူ ချယ်လ်ဆီး ကွင်းလယ်တိုက်စစ်ကစားသမား အီဒင် ဟာဇက်ကိုလည်း ခေါ်ယူသွားဦးမှာဖြစ်ပြီး ဟာဇက် ရောက်လာခဲ့ရင် မန်ချက်စတာ ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဘာကိုလည်း ထပ်မံ ကြိုးပမ်းသွားဦးမှာပဲ ဖြစ်ပါတယ်။