အန်ဖီးကွင်းမှ စိတ်မကျေနပ်ဖွယ် သရေပွဲရလဒ်ထွက်ခဲ့တဲ့ ပွဲစဉ်အတွင်းက စကားစမြည်း ပြောစရာ အချက်တွေကို ဖော်ပြသွားပါမယ်။

မှတပါး အခြားမရှိ

ပဲလေစ့်နဲ့ပွဲအတွက်ကွင်းလယ်မှာ ဂျိမ်းစ်မီလ်နာနဲ့ ဟာဗေးတို့ ပါဝင်ခွင့်ရခဲ့ပါတယ်။ ဒါဟာ ကလော့ပ် စတန့်ထွင်ခဲ့ခြင်း မဟုတ်ပါဘူး။ ဘာလို့ ဒီလို ရွေးချယ်ခဲ့ရလဲဆိုရင် တခြားသော ကွင်းလယ်တိုက်စစ် ရွေးချယ်စရာ မရှိတော့လို့ပါပဲ။

ကိတ်တာပြန်လာခဲ့ပေမယ့် ပွဲကစားဖို့ အဆင်သင့်မဖြစ်တာကြောင့် အရန်လူစာရင်းကပဲ ထည့်ခဲ့ရတယ်။ ဒီပွဲမှာ ဟန်ဒါဆန်ကို ပွဲထွက်ကနေ ထုတ်သုံးခဲ့ရင် ဒဏ်ရာရသွားနိုင်တယ်ဆိုတဲ့ ဆေးအဖွဲ့ရဲ့ အကြောင်းကြားမှုဟာ ကလော့ပ်အတွက် မီလ်နာကို မဖြစ်မနေ ထုတ်သုံးဖို့ ဖြစ်လာခဲ့ပါတယ်။

ဒဏ်ရာကြောင့် ဖာမင်နိုကို လုံးဝ ချန်လှပ်ခံခဲ့ရကာ တနင်္ဂနွေနေ့ကမှ ဒဏ်ရာက ပြန်သက်သာလာပြီး လေ့ကျင့်ရေး ပြန်ဝင်ခဲ့တဲ့ ဂျိုးဂိုမက်စ်ကိုလည်း အရန်အနေနဲ့ပဲ ထည့်သွင်းနိုင်ခဲ့ပါတယ်။ လေ့ကျင့်ရေးတိုင်းမှာ ပြဿနာတွေ တတ်နေတာကြောင့် စုန်းအတတ်နဲ့များ ပြုစားခံနေရသလားလို့တောင် ကလော့ပ်က ငြီးတွားခဲ့ရပါတယ်။

အရံခုံမှာ ထိုင်နိုင်တဲ့ တစ်ဦးတည်းသော စီနီယာအဆင့် တိုက်စစ်သမားက ကာဗာရို ဖြစ်လာခဲ့ပြီး ဒဏ်ရာက ပြန်သက်သာလာခဲ့တဲ့ ဆီမီကက်စ်၊ တတိယဦးစားပေး ဂိုးသမားနဲ့ ယူ-၂၁ က လူငယ်နှစ်ဦးကိုပါ ပွဲနေ့အတွက် ခေါ်ယူခဲ့ရတယ်။ မကစားနိုင်သူတွေ များပြားနေတာဟာ လီဗာပူးအတွက် ရာသီအစမှာ စိုးရိမ်စရာတွေ ဖြစ်လာစေပါတယ်။

အများကြီးပိုကောင်းလာပေမယ့် မလုံလောက်

ပဲလေစ့်ပွဲမှာ ပွဲအစ တစ်မိနစ်အတွင်းမှာ ဂျိမ်းစ်မီလ်နာက ဧရိယာထဲ ပြေးဝင်လာခဲ့ပြီး နောက်ခံလူတစ်ယောက်ကို ကျော်ဖြတ်ကာ ကန်သွင်းမှုတစ်ကြိမ် လုပ်ခဲ့ပါတယ်။ ဒါဟာ သွင်းဂိုး ရခဲ့သင့်တဲ့ အခွင့်အရေး ဖြစ်ခဲ့ပေမယ့် မီလ်နာရဲ့ အားများလွန်းတဲ့ ကန်ချက်က ဂိုးပေါက်နဲ့တောင် မနီးစပ်ခဲ့ပါဘူး။

ဖူလ်ဟမ်နဲ့ပွဲက လေးဖင့်ခဲ့တဲ့ အစပိုင်း မိနစ်တွေကြောင့် ပဲလေစ့်ပွဲ အစပိုင်းဟာ အကောင်းမြင်စရာတစ်ခု ဖြစ်ခဲ့ပါတယ်။ ပဲလေ့စ် နောက်တန်းကို ပြင်းထန်တဲ့ ဖိတိုးမှု၊ လျင်မြန်တဲ့ ဖိအားတွေ ပေးမှုနဲ့ အခွင့်အရေးတွေ အကြိမ်ကြိမ် လုပ်ခဲ့ပါတယ်။ အဲ့ဒီ့ လွှမ်းမိုးနိုင်စွမ်း၊ တိုက်စစ်အင်အားတွေအရ အသင်းပရိသတ်တွေက ခံစားချက်တွေ ကောင်းနေခဲ့ကြမှာပါ။

ဒါပေမယ့်လည်း နောက်ထပ် ရင်းနှီးနေတဲ့ ခံစားချက်က မကြာခင်မှာ ပေါ်ထွက်လာခဲ့ပါတယ်။ ကောင်တာ အနေအထားမှာ ဧရိယာတစ်ဝက်ကနေပဲ ဇာဟာက လမ်းကြောင်းရှင်းရှင်းမှာ ပြေးလွှားခဲ့ပြီး ဂိုးသွင်းယူခဲ့ပါတယ်။ ဒီရာသီ အဖွင့်ပွဲ နှစ်ပွဲလုံးမှာ လီဗာပူးက ပြိုင်ဘက်ကို အကျောပေး ယှဉ်ပြိုင်ခဲ့ရတာပါ။ နောက်ဆုံး လိဂ် ၆ ပွဲ၊ ပြိုင်ပွဲစုံ နောက်ဆုံး ၁၀ ပွဲထဲက ၆ပွဲမှာလည်း အလားတူ နောက်ကလိုက်ကစားခဲ့ရတာ ဖြစ်ပါတယ်။

လီဗာပူးက ပြန်လာနိုင်ခဲ့ပါသေးတယ်။ ဒီယက်စ်ရဲ့ အံ့မခန်းတဲ့ ထိုးဖောက်မှုဟာ ဘာစီလိုနာ ဂန္တဝင်ကြီး ပူယိုးကတောင် တွစ်တာကနေ ချီးကျူးရတဲ့ထိ ကောင်းမွန်ခဲ့ပါတယ်။ ဒါပေမယ့် အဆုံးမှာတော့ ရလဒ်ကပဲ အရေးအကြီးဆုံးပါပဲ။ လီဗာပူးက နောက်ထပ်တစ်ကြိမ် ကျရှုံးခဲ့ပြန်ပါတယ်။

အခုဆို ရာသီအစောပိုင်းမှာတင် နှစ်ကြိမ်တိုင် နစ်နာဆုံးရှုံးခဲ့ရပါပြီ။ ပိုပြီးတော့ ဟန်ချက်ညီလာအောင်လုပ်ဖို့ ရွေးချယ်စရာနှစ်ခု ရှိပါတယ်။ ဒီနေရာမှာ အပြောင်းအရွှေ့အကြောင်း ထည့်ပြောမှာ မဟုတ်ပါဘူး။ ပြောလိုလည်း ဖြစ်မလာနိုင်တဲ့၊ အကျိုးမထူးတော့တဲ့ အခြေအနေအတွက် မစဉ်းစားချင်တော့ပါဘူး။

အသင်းရဲ့ ရွေးချယ်စရာက တခါတလေမှ လာတတ်တဲ့ ကောင်တာတွေကို ပိုပြီး တည်တည်ငြိမ်ငြိမ် ခုခံဖို့ပါ၊ ဒါမှမဟုတ် ပြိုင်ဘက်တွေကို ဦးဆောင်ကစားနိုင်အောင် တိုက်စစ်အစွမ်းထက်မှုကို ပိုပြီး အသုံးချဖို့ပါ။ ဒါကလွဲလို့ အခြားမရှိပါဘူး။

အယ်လီးယော့ရဲ့ အကျိုးသက်ရောက်မှု

ဖူလ်ဟမ်ပွဲလိုပဲ ဗဟိုကွင်းလယ်ရဲ့ စွမ်းဆောင်ရည်က ပွဲအရှိန်အဟုန် ထိန်းချုပ်မှုမှာ အဓိက ကျခဲ့ပါတယ်။ ဟာဗေးဟာ မနှစ်က စက်တင်ဘာနောက်ပိုင်း သူ့ရဲ့ ဒုတိယအကြိမ် လိဂ်ပွဲထွက်မှုအတွင်း အထင်ပေါ်ဆုံး ခြေစွမ်းပိုင်ရှင် ဖြစ်ခဲ့ပါတယ်။

ပထမပိုင်းမှာ လီဗာပူးက လွှမ်းမိုးကစားနိုင်ခဲ့ပြီး ဟာဗေးထံက အချိန်ကိုက် ဘောလုံးအပေးအယူ overlapping လုပ်ကာ၊ သူ့ဘာသူ ဂိုးကန်သွင်းခွင့် အနည်းယ် ဖန်တီးခဲ့ပါတယ်။ ပြိုင်ဘက် ခြေထဲက ဘောလုံးဖြတ်ယူဖို့၊ ကစားကွက်ပြန်ဖော်ဖို့၊ အသင်းရဲ့ လွှမ်းမိုးမှုကို ပြန်လည်စတင်ဖို့အတွက် ခံစစ်ပိုင်းမှာလည်း သူက အများကြီး ပံ့ပိုးခဲ့ပါတယ်။

တောင်အမေရိကသားတွေရဲ့ ခြေစွမ်း

ဖူလ်ဟမ်နဲ့ပွဲက လူစားဝင်ခြေစွမ်းကို မြင်တွေ့ခဲ့ရပြီးနောက် အိမ်ကွင်း ပွဲဦးထွက်၊ အန်ဖီးပရိသတ်တွေရှေ့မှာ ဒီညက ဒါဝင်ရဲ့ညပဲလို့ ထင်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒါဝင်ရဲ့ ရူးမိုက်စွာ ပြိုင်ဘက်ကို ခေါင်းနဲ့တိုက်တဲ့ တုံ့ပြန်မှုကြောင့် အနီကဒ်နဲ့ ထုတ်ပယ်ခံခဲ့ရပြီး အားလုံးကို စိတ်ပျက်စေခဲ့ပါတယ်။

ဒါဝင်ရဲ့ လုပ်ရပ်ဟာ မိုက်မဲတဲ့အပြင် ကလော့ပ် လက်အောက်က အသင်းသားတွေဟာ ဒီလို ဆုံးဖြတ်ချက်တွေ လုပ်လေ့ မရှိပါဘူး။ အန်ဒါဆန်က ပြိုင်ဘက် ခံစစ်သမားအဖြစ် သူ့လုပ်ရမယ့် ဆွကစားမှုကို လုပ်ခဲ့ရာမှာ ဒါဝင်ဘက်က စိတ်ထိန်းချုပ်ဖို့ လိုအပ်ခဲ့ပါတယ်။

သူ့အနေနဲ့ ဒါကို ချက်ချင်းသင်ယူဖို့ လိုပါလိမ့်မယ်။ ဥရုဂွေးသားဟာ ဘာသာစကား အခက်အခဲတင် မဟုတ်ပါဘူး ပရီးမီးယားလိဂ်ရဲ့ ရုပ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုနဲ့ ကြီးကြီးမားမား ထိန်းချုပ်ခံထားရတဲ့ ဒိုင်တွေအပေါ် စောဒကတက်မှု လုပ်ခွင့် မရှိခြင်းတွေအတွက်ပါ သင်ယူရပါလိမ့်မယ်။

ပေါက်ကွဲထွက်တော့မလို ရုန်းထပြတဲ့ ဒီယက်စ်

ဒါဝင်ကို အာရုံစိုက်ခဲ့ကြတဲ့အချိန် ဒီယက်စ်ကတော့ အသင်းရဲ့ ကစားကွက်အောက်မှာ အနည်းငယ် လောင်းရိပ်မိနေပါတယ်။ ဒီယက်စ်ဟာ ဘယ်ခြမ်းမှာ နေရာလွတ် ခပ်ကြီးကြီးတွေကို ရယူပြီး အသုံးချလေ့ရှိတဲ့ တိုက်စစ်သမားပါ။ ဒါပေမယ့်လို့ တောင်ပံကနေ ဧရိယာထဲ ဝင်ရောက် လှုပ်ရှားရတဲ့ လီဗာပူးရဲ့ ကစားဟန်က သူ့ကို ထိန်းချုပ်ထားသလို ဖြစ်နေပါတယ်။

နူးညက်စ် ထွက်သွားချိန်မှာ တိုက်စစ်ပိုင်းမှာ ဖြည့်ရမယ့် နေရာလွတ်တွေ အရမ်းကို ကျယ်သွားခဲ့ပါတယ်။ အဲ့မှာပဲ ဒီယက်စ်က သူ့ရဲ့ ကြီးမားတဲ့ အရည်အသွေးကို အချိန်ကိုက် သက်သေပြခဲ့ပါတယ်။ သူဟာ ချက်ချင်းဆိုသလိုပဲ ကစားကွက်မှာ အဓိက ဆုံချက် ဖြစ်လာခဲ့ပြီး ပဲလေ့စ်အသင်းသား တစ်ဝက်လောက်က သူ့ကို လိုက်ထိန်းနေခဲ့ရတယ်။

ဘယ်ကနေ အတွင်းကို လိမ်ခေါက်ရာမှာ ပဲလေစ့် ကစားသမား ၅ ယောက်ကို ကျော်ဖြတ်ခဲ့ပြီး ဂိုသမား ဂွာအီတာကို ကျော်လွန်ကာ အပြင်းကန်ချက်နဲ့ ချေပဂိုး သွင်းယူခဲ့တဲ့ ပုံစံက လှောင်အိမ်ထဲက လွှတ်ထွက်ခဲ့တဲ့ ကျားရိုင်းတစ်ကောင်လိုပါပဲ

ဒါဝင်အတွက်ပါ တိုက်စစ်မှာ နှစ်ယောက်စာ ကစားပေးဖို့ ကြိုးစားခဲ့ရင်း ဘောလုံးနောက် ဒရစပ် လိုက်လံ ဖိအားပေးခဲ့ပုံတွေအရ ဒီပွဲပြီးရင် သူ့ရဲ့ စွမ်းအင်တွေတော့ အရမ်းကို ကုန်ခမ်းသွားခဲ့မှာပါပဲ။

လာမယ့် အပတ်တွေမှာ ဖာမင်နို ကစားနိုင်ဖို့ မသေချာသလို နူးညက်စ် ပွဲပယ်ခံရမှာမို့ ဒီယက်စ်ရဲ့ လုပ်နိုင်စွမ်းက အတော်လေးကို အရေးကြီးလာဖို့ ရှိနေပြီဖြစ်ပါတယ်။