အန်ဖီးမှာ ပထမဆုံး ပွဲထွက်ရတဲ့ ပွဲစဉ်အတွင်း သူ့ရဲ့ စိတ်မထိန်းနိုင်တဲ့ အပြုအမှုကြောင့် အသင်းကို ထိခိုက်စေခဲ့တယ်ဆိုပြီး ဒါဝင် နူးညက်စ်က အတော်လေး စိတ်မကောင်းဖြစ်နေပါတယ်။

အဖွင့်ဂိုး သွင်းယူပေးဖို့ ရုန်းကန်ခဲ့ရတဲ့ နူးညက်စ်ဟာ ပဲလေစ့် ခံစစ်မှူး အန်ဒါဆန်ကို တွန်းတိုက်ခဲ့ရာက တိုက်ရိုက် အနီကဒ် ပြသခံခဲ့ရတာပါ။ အင်္ဂလန်လိဂ်အကြောင်း နားလည်နိုင်ဖို့ အချိန်တစ်ခုလိုသေးတဲ့ ဒါဝင်အတွက် ဆိုးရွားတဲ့ ဖိအားတွေ ထပ်မံရဖို့ ဖြစ်လာခဲ့ပါတယ်။

အဝတ်လဲခန်းတွင်းမှာ ဒါဝင်က အသင်းဖော်တွေကို သူ့ရဲ့ အမှားနဲ့ အသင်းကို ထိခိုက်စေခဲ့တဲ့ သူ့ရဲ့ လုပ်ရပ်အတွက် အသင်းဖော်တွေကို တောင်းပန်စကား ပြောဆိုခဲ့ဟန်ရှိပါတယ်။

“ အဲ့တာက သူ့အမှား မဟုတ်ပါဘူး။ ရိုးရိုးသားသား ပြောရရင် ပထမပိုင်းမှာ ကျနော်တို့ ပေးဂိုး ခွင့်ပြုထားရတာကပဲ ကျနော်တို့ကို ဒီအခြေအနေထံ တွန်းပို့လိုက်တာပါပဲ ” လို့ ပဲလေစ့်ပွဲအပြီး LFCTV နဲ့ အင်တာဗျူးမှာ ဟာဗေးက ပြောပြပါတယ်။

ဆက်လက်ပြီး ဟာဗေးက “ ဒါဝင်အတွက်တော့ ဒါက သင်ယူရမယ့် ကိစ္စပဲဖြစ်ပါတယ်။ ကျနော်တို့အတွက်ကလည်း အသင်းအနေနဲ့ အားလုံးရဲ့ အမှားပဲဖြစ်ပါတယ်။ ဒါဝင်ချည်းပဲ မဟုတ်ပါဘူး၊ လူတိုင်းရဲ့ အမှားပါ။

ကျနော်တို့တွေ ဒါဝင်ကို ဝိုင်းပြီး အားပေးခဲ့ပါတယ်၊ သူ့ စိတ်သက်သာရာရဖို့ ကြိုးစားပေးနေပါတယ်။ အဝတ်လဲခန်းထဲမှာတော့ သူအတော်လေး စိတ်မကောင်းဖြစ်နေတယ်။ အသင်းအတွက် ယူကြုံးမရ ခံစားနေရတယ်။ အားလုံးက သူ့အမှားကြောင့်လို့ သူခံစားနေရပေမယ့် ဒါက ကျနော်တို့ အားလုံးရဲ့ အမှားပါပဲ။

သူတစ်ယောက်ထဲကိုပဲ အပြစ်တွေ ပုံချရမှာ မဟုတ်ပါဘူး။ ကျနော်တို့က အားလုံး စုပေါင်း လုပ်ဆောင်ရတာပါ။ ဒါကြောင့် သူ့အတွက် ကျနော်တို့ ရှိနေမှာပါ။ ကျနော်တို့ နောက်လာမယ့်ပွဲမှာ ကိစ္စတွေ မှန်ကန်အောင် သေချာပေါက် ကြိုးစားသွားမှာပါ ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

လက်တလောမှာတော့ အနီကဒ် ပြစ်ဒဏ်ကြောင့် ဒါဝင် နူးညက်စ်ဟာ လီဗာပူးရဲ့ သြဂုတ်လ လက်ကျန် ပွဲစဉ် ၃ ပွဲကို လွဲချော်သွားမှာပါ။ ဒီကာလတွေကို ကစားသမား ပိုမို သန်မာလာစေဖို့ အခွင့်အရေးအဖြစ် အသုံးချမယ်လို့ ကလော့ပ်က မှတ်ချက်ပေးထားခဲ့တယ်။

တွစ်တာကနေတစ်ဆင့် ဒါဝင်ကပဲ ” ကျနော်ရဲ့ အပြုအမူက ဆိုးရွားတာကို သိခဲ့ပါတယ်။ ဒီအမှားတွေကို သင်ယူသွားမှာဖြစ်သလို ဒါမျိုးတွေ ထပ်မဖြစ်စေရပါဘူး ” လို့ ပရိသတ်တွေကို တောင်းပန်သွားခဲ့တာ ဖြစ်ပါတယ်။