လီဗာပူးအသင်း နိုင်ပွဲ မရခြင်းနဲ့အတူ ခွန်အားကော၊ စိတ်ဓါတ်ပိုင်းအရပါ ကိုယ်စွမ်းရှိသလောက် ကြိုးစားခဲ့တဲ့ ဒီယက်စ်ဟာ သူနဲ့ ထိုက်တန်တဲ့ အသိအမှတ်ပြုမှုတွေ မရခဲ့ပါဘူး။

အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ကစားတဲ့ ပဲလေစ့်နဲ့ပွဲအတွင်း ၁၀ ယောက်ကျန်နဲ့ ဆက်ကစားခဲ့ရပေမယ့် လီဗာပူးပရိသတ်တွေ မျက်နှာမငယ်ရဖို့ ဒီယက်စ်ဟာ အစွမ်းကုန် ရုန်းထ ကစားပေးခဲ့ပါတယ်။ သူ့ရဲ့ တစ်ကိုယ်တော် ခြေစွမ်းနဲ့ပဲ ခြေပဂိုး တစ်ဂိုးရခဲ့ကာ ဒီသွင်းဂိုးဟာ သြဂုတ်လရဲ့ ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံး ဂိုးတောင် ဖြစ်လာနိုင်ပါတယ်။

လီဗာပူးအသင်း နိုင်ပွဲရခဲ့ရင် ဒီယက်စ်ရဲ့ သွင်းဂိုးအကြောင်း ချီးကျူးမှုတွေဟာ ပြည့်လျှံနေမှာ ဖြစ်ပေမယ့်လည်း နောက်ဆုံးမှာတော့ သူ့ရဲ့ အားထုတ်မှုဟာ နူးညက်စ် အနီကဒ်ရခြင်းနဲ့ အသင်းရဲ့ ရလဒ်မကောင်းခြင်းတွေအောက်မှာ မှေးမှိန်သွားခဲ့ရတယ်။

ဒါပေမယ့်လို့ ဒီယက်စ်ရဲ့ ထူးချွန်မှုကို မြင်ခဲ့သူ တစ်ဦးက ရှိနေပါတယ်။ လီဗာပူး ကွင်းလယ်လူဟောင်း ဒန်နီ မာဖီကတော့ ထိပ်တန်းအဆင့် ကစားသမားဆိုတာ၊ စူပါ ကစားသမားဆိုတာ ဘာလုပ်နိုင်သလဲ ဒီယက်စ် လုပ်ပြခဲ့ပါတယ်လို့ ချီးကျူးခဲ့တယ်။

မာဖီက ” တခါတလေကျရင် ပြိုင်ဘက် ခံစစ်သမားကို ကြည့်ပြီး ‘သူ အဲဒီမှာ ဘာများလုပ်မှာလဲ’ ဆိုပြီး တွေးမိတယ်။ တကယ်တမ်းကျတော့ ဒီခံစစ်သမားတွေကို သူ ကျော်ဖြတ်သွားနိုင်တဲ့ ဘောလုံးစွမ်းရည်ကသာ အခရာပါ။

ခံစစ်သမားတွေကို ကျော်ဖြတ်လာပြီးချိန် ဒီယက်စ် ကန်ချက်က တကယ်ကို တားဆီးဖို့ ခက်ခဲ့တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဘောလုံးနဲ့ သူက အချိန်ကိုက် လှုပ်ရှားနိုင်ခဲ့လို့ပဲ။

ကျနော်ကို အရမ်း အထင်ကြီးမိတဲ့ ကိစ္စက သူဂိုးရသွားတာကို မေ့ထားလိုက်။ မင်းအသင်းက ဘောလုံးနဲ့အတူ ကြီးကြီးမားမား ကိစ္စ တစ်ခုကို တစ်ဦးဦးက လုပ်ပြပေးဖို့ လိုအပ်နေချိန်မှာ သူက ဘောလုံးကို ရအောင် ယူတယ်၊ ဘောလုံး ဆုံးရှုံးသွားနိုင်တဲ့.. ပရိသတ်တွေ စိတ်ပျက်သွားနိုင်တဲ့ အနေအထား ရှိနေရင်တောင် သူက စွန့်စားပြီး ကြိုးစား လုပ်ဆောင်သွားတယ်။ ဒါက ထိပ်တန်း ကစားသမားတွေ ပုံစံပဲ။

ဒါ့အပြင် ဘောလုံးမပါဘဲ လှုပ်ရှားမှုတွေကိုလည်း ကြည့်လိုက်ကြဦး၊ သူ ဘောလုံးကို ခံစစ်ထိ ဆင်းဆယ်တာချည်း ၅ ခါလောက် ရှိတယ်၊ ဘောလုံးရဖို့ သူ ကိုက် ၄၀ လောက် အကွားအဝေးကို တဟုန်ထိုး အမြန် ပြေးသွားခဲ့တာပါ။

ဒါမျိုးကို စူပါ ကစားသမားလို့ ခေါ်တာပဲ။ ဒီလိုစိတ်ဓာတ်မျိုးက ယာဂင်ကလော့ပ် အသင်းမှာ ကြီးမားတဲ့ အားသာချက် ထပ်ရလိုက်တာပဲ ” လို့ လေးလေးစားစား ချီးကျူးသွားတာ ဖြစ်ပါတယ်။

ဒီယက်စ်ဟာ လီဗာပူးရဲ့ ဂန္တဝင်တစ်ဦးဖြစ်တဲ့ မာနေးနေရာကို ဖြည့်ကစားရမယ့်သူဖြစ်ပြီး အနာဂတ်မှာတော့ သူနဲ့ ထိုက်တန်တဲ့ လေးစားမှုကို လီဗာပူးပရိသတ်တွထံက ရရှိသွားဖို့ မျှော်လင့်ရမှာဖြစ်ပါတယ်။