လီဗာပူးအသင်းနဲ့ ကွင်းလယ်လူ ကိတ်တာတို့ရဲ့ ကိုယ်စားလှယ်တို့ဟာ ဒီလထဲမှာပဲ စာချုပ်သစ် ကိစ္စ စကားပြောရာ အဆင်မပြေမှုတွေ ဖြစ်လာခဲ့ပါတယ်။

လီဗာပူးအသင်းဘက်က ဈေးကွက် မပိတ်ခင် ကိတ်တာကို ထွက်ခွင့်ပေးဖို့ ဆန္ဒ မရှိပေမယ့် စာချုပ်ကိစ္စ စကားပြောရာမှာ အန်ဖီးကလပ်အတွင်း သူ့ရဲ့ အခြေအနေကို ကိတ်တာက သဘောမကျဖြစ်နေတယ်လို့ သိရတယ်။ ဂူနီယာ ကွင်းလယ်လူဟာ လီဗာပူးနဲ့ စာချုပ် ၁၂ လပဲ ကျန်ရှိတော့သူ ဖြစ်ပါတယ်။

ဂျာမနီဘက်က သတင်းတွေမှာတော့ ကိတ်တာဟာ လီဗာပူးအသင်းမှ သူ့ရဲ့ အခြေအနေကို မပျော်ရွှင်ဖြစ်နေတယ်၊ လိုက်ဇစ် အပါအဝင် ကလပ်အချို့က သူ့ကို ခေါ်ယူလိုနေပြီး လီဗာပူးဘက်က ဒီရာသီကော နောက်ပိုင်း ဘောလုံးရာသီတွေမှာပါ သူ့ကို ဆက်ထိန်းထားလိုခဲ့ပါတယ်။

လီဗာပူးအသင်းနဲ့ ကစားသမားရဲ့ ကိုယ်စားလှယ် Bjorn Bezemer တို့ဟာ ဒီလထဲမှာပဲ စာချုပ်သစ်အတွက် စပိန်နိုင်ငံ Mallorca မှာ မျက်နှာခြင်းဆိုင် စကားပြောမှု လုပ်ခဲ့ကြပါသေးတယ်။ စကိုင်းဂျာမနီရဲ့ သတင်းထောက် Florian Plettenberg ကဆိုရင် အခုချိန်မှာ နှစ်ဘက် စကားပြောမှု ရပ်တန့်နေခဲ့ပြီလို့ပါ ဖော်ပြနေကြတယ်။

လီဗာပူးသတင်းထောက် Neil Jones ကတော့ အသင်းနဲ့ ကစားသမားရဲ့ ကိုယ်စားလှယ်တို့ဟာ ဆက်ဆံရေးကောင်းတွေ ခိုင်မာနေဆဲပါ။ အသင်းဘက်က သူ့ကို ၄ နှစ် သက်တမ်းတိုးစာချုပ် ပေးလိုနေတာဖြစ်ပြီး သူ့ကို ရောင်းထုတ်သွားနိုင်ချေ အနည်းငယ်တော့ ရှိနေပါတယ်လို့ ဖော်ပြလာခဲ့ပါတယ်။

ဒဏ်ရာ ပြဿနာတွေရှိနေတဲ့ အသင်းရဲ့ ကွင်းလယ်အတွက် အသင်းနည်းစနစ်ကို အသားကျနေတဲ့ ကိတ်တာကို ဆက်ထိန်းထားတာက ပိုကောင်းတဲ့ ရွေးချယ်မှုဖြစ်မယ်လို့ ကလော့ပ်က မြင်ထားပါသေးတယ်။ သို့ပေမယ့် အက်ကြောင်းတွေက စပေါ်လာခဲ့ပါပြီ။

၂၀၁၈ မှာ ပြောင်းရွှေ့ကြေး ပေါင် ၅၂ သန်းနဲ့ လီဗာပူးကို ရောက်လာခဲ့တဲ့ ကိတ်တာဟာ ဒီကာလတွေအတွင်း ၁၁၇ ပွဲ ကစားထားပြီး ၁၁ ဂိုး သွင်းယူထားပါတယ်။