လီဗာပူးတိုက်စစ်မှူး ဒါဝင် နူးညက်စ်က ပဲလေစ့်ခံစစ်မှူး အန်ဒါဆန်ကို တွန်းတိုက်လို့ အနီကဒ် ရခဲ့တာဖြစ်ပြီး ဆံပင် ဆောင့်ဆွဲခဲ့ရင် အဲ့ပြစ်ဒဏ် ပေးခံရမှာ မဟုတ်ပါဘူးလို့ Josh Hart က ထုတ်ပြောခဲ့ပါတယ်။

NBA ကြယ်ပွင့် Josh Hart က တွစ်တာကတစ်ဆင့် ” ပရီးမီးယားလိဂ်မှာက ဆံပင် ဆောင့်ဆွဲလို့ရပါတယ်။ နူးညက်စ်က ဆံပင် ဆောင့်ဆွဲခဲ့ရမှာ အဲ့ဆို သူလည်း အနီကဒ်ရမှာ မဟုတ်ဘူး ” ဆိုကာ ပရီးမီးယားလိဂ် ဒိုင်လူကြီးတွေကို လှောင်ပြောင်ခဲ့တာဖြစ်ပါတယ်။

ဒါဟာ တူညီတဲ့ သီတင်းပတ်အတွင်းမှာ ဖြစ်ခဲ့တဲ့ ချယ်ဆီးနဲ့ စပါးပွဲ ဖြစ်ရပ်ကို နှိုင်းယှဉ်ခဲ့ခြင်းဖြစ်ပါတယ်။ စတမ်းဖိုဒ့်ဘရစ်ချ်မှာ ယှဉ်ပြိုင်ကစားတဲ့ လန်ဒန်ဒါဘီပွဲမှာ ချယ်ဆီး ဘယ်အစွန်လူ ကူကူရယ်လာကို စပါးခံစစ်မှူး ရိုမဲရိုးက ဆံပင် ဆောင့်ဆွဲခဲ့ပေမယ့် ဒိုင်က ခွင့်ပြုခဲ့ပါတယ်။

ထောင့်ကန်ဘော အနေအထားမှာ ဖြစ်ခဲ့တဲ့ အဆိုပါ ကိစ္စကို အရေးမယူခဲ့တာကြောင့် နောက်တစ်ကြိမ် စပါးအသင်းက ထောင့်ကန်ဘော ကန်ခွင့်ရခဲ့ပြီး နောက်ဆုံးမိနစ် အခွင့်အရေးမှာ ဟယ်ရီကိန်းက ခေါင်းတိုက်ကာ ခြေပဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။

အန်ဖီးမှာ ယှဉ်ပြိုင်ကစားတဲ့ လီဗာပူးနဲ့ ပဲလေစ့်ပွဲမှာတော့ တိုက်စစ်မှူး နူးညက်စ်ဟာ ပြိုင်ဘက် ခံစစ်မှူး အန်ဒါဆန်ရဲ့ ဆွကစားမှုတွေကြောင့်ပဲ သူ့စိတ်ကို မထိန်းနိုင်ခဲ့ဘဲ ပြန်ပြီး တုန့်ပြန်ခဲ့ရာကနေ တိုက်ရိုက် အနီကဒ် ထိသွားခဲ့ပါတယ်။

ဒီနွေမှ ပေါ်တူဂီလိဂ်ကနေ အင်္ဂလန်လိဂ်ကို ပြောင်းလာခဲ့ကာ ပရီးမီးယားလိဂ်အထာ မနပ်သေးတဲ့ ဒါဝင် နူးညက်စ်ထံက အမှားတွေ လုပ်မိလာဖို့အတွက် ပဲလေစ့်ခံစစ်မှူး အန်ဒါဆန်ဟာ တောက်လျှောက် ဆွကစား သွားခဲ့တာဖြစ်တယ်။

အန်ဒါဆန်ရဲ့ တွန်းထိုးမှု၊ ရိသဲသဲ ပြောဆိုမှု၊ ဧရိယာအတွင်း ကိုယ်ထိလက်ရောက် လုပ်ခဲ့မှုတွေဟာ နူးညက်စ်ကို ဒေါသထွက်စေခဲ့ရာကနေ ဥရုဂွေး တိုက်စစ်မှူးက တန်ပြန်ပြီး ပြစ်ဒဏ် ကျူးလွန်ခဲ့မိတာပဲ ဖြစ်ပါတယ်။