ဒါဝင် နူးညက်စ် တိုက်ရိုက် အနီကဒ် ထိခဲ့တဲ့ ပဲလေစ့်ပွဲကိုပါ ထည့်သွက်မယ်ဆိုင် လီဗာပူးအသင်းဟာ ယာဂင်ကလော့ပ် လက်ထက်မှာ မတူညီတဲ့ ကစားသမား ၈ ဦးနဲ့ အနီကဒ် ၉ ကြိမ် ရခဲ့ဖူးပါတယ်။

အချို့က တိုက်ရိုက် အနီကဒ်ဖြစ်ပြီး များသောအားဖြင့်ကတော့ ၂ ဝါ ၁ နီတွေဖြစ်ပါတယ်။ ကလော့ပ် နည်းပြဖြစ်လာပြီးနောက် လီဗာပူး ရရှိခဲ့တဲ့ စုစုပေါင်း အနီကဒ် ၉ ကြိမ်အကြောင်းကို ကြည့်လိုက်ရအောင်။

ဂျိမ်းစ်မီနာ VS ခရစ္စတယ်ပဲလေ့စ် – မတ် ၂၀၁၆

မီလ်နာဟာ ပဲလေ့စ်တောင်ပံကစားသမား ဇာဟာကို နှစ်ကြိမ်တိုင် ပြစ်ဒဏ်ကျူးလွန်ခဲ့တဲ့နောက် ၂ ဝါ ၁နီနဲ့ ထုတ်ပယ်ခံခဲ့ရတာပါ။ သူထုတ်ပယ်ခံခဲ့ရတဲ့နောက် ကလော့ပ်က တည်တည်ငြိမ်ငြိမ်နဲ့ပဲ အပြစ်ကို ဝန်ခံခဲ့ပါတယ်။

ဘရတ်စမစ် VS ချယ်ဆီး – မေ ၂၀၁၆

မီလ်နာလိုပဲ အစွန်သမားစမစ်ဟာ ဝိန်းရုလက်ချ်အပေါ် ပြစ်ဒဏ်ကျူးလွန်မှုတွေအတွက် အဝါကဒ် နှစ်ကြိမ် ပြသခံခဲ့ရတာဖြစ်ပြီး ပွဲပြီးဖို့ ၁၄ မိနစ်ကျန်ချိန်မှာ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။ အဲ့မတိုင်ခင်ထဲက ၃-၁ နဲ့ ရှုံးနေခဲ့တဲ့ ပွဲအပြီး ကလော့ပ်ကတော့ စမစ်ရဲ့ အနီကဒ်ထက် အသင်းရဲ့ ဆိုးရွားတဲ့ စွမ်းဆောင်ရည်ကို ဦးတည်ပြောဆိုခဲ့ပါတယ်။

မာနေး VS မန်စီးတီး – စက်တင်ဘာ ၂၀၁၇

ဘောလုံးလုရင်း ဂိုးသမား အီဒါဆန်ရဲ့ မျက်နှာကို ကန်မိခဲ့တဲ့ မာနေးရဲ့ အနီကဒ်ကိုတော့ ကလော့ပ်က လက်ခံခဲ့ပါဘူး။ မာနေး အနီကဒ်ထိချိန် ၁-၀ နဲ့ ရှုံးနေခဲ့တဲ့ လီဗာပူးဟာ အဲ့နောက်မှာ ၄ ဂိုးထပ်ပေးခဲ့ရပြီး ၅-၀ နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

“ အဲ့ဒါ အနီကဒ်လို့ ကျွန်တော် မထင်ဘူး။ မာနေးက အီဒါဆန်ကို မမြင်ခဲ့ပါဘူး။ ကျွန်တော် ကြည့်ရသလောက် အရမ်းကြီးတော့ မဆိုးရွားခဲ့ပါဘူး။ လူတိုင်းက မာနေးရဲ့ ဝင်ပုံ ဆိုးရွားတယ်လို့ ထင်သွားခဲ့တာက ကံမကောင်းခဲ့တာပါပဲ။ အဲ့ဒါ မတော်တဆပါ။ ဂိုးသမားက ရှေ့ထွက်လာပြီး မာနေးက ဘောလုံးရချင်ဇော ဖြစ်နေခဲ့တာ။ ဒီလိုပွဲမျိုးမှာ အနီကဒ်ထိတာက တကယ်ကို ကံမကောင်းတာပါပဲ ” လို့ ပြောခဲ့ပါတယ်။

ဂျိုးဂိုးမက် VS ဆီဗီးလား – စက်တင်ဘာ ၂၀၁၇

နာကျင်အချိန်ပိုမှာ ဆီဗီးလားကစားသမားတစ်ယောက်ကို မလိုအပ်တဲ့ ပြင်းထန်တဲ့ ဝင်လုမှုလုပ်ခဲ့တာကြောင့် ထုတ်ပယ်ခံခဲ့ရတာဖြစ်လို့ ကလော့ပ် စိတ်ပျက်သွားခဲ့ပါတယ်။

ဂျော်ဒန်ဟန်ဒါဆန် VS ဝက်ဖို့ဒ် – နိုဝင်ဘာ ၂၀၁၈

ဟန်ဒါဆန်ဟာ အဲ့ပွဲမှာ အကြိမ်များစွာ သတိပေးခံခဲ့ရရပြီး နောက်ဆုံးမှာ ၂ဝါ၊ ၁နီနဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ ကလော့ပ်ကတော့ ဟန်ဒါဆန်ကို စောစောလူစားမလဲမိလို့ သူ့ကိုယ်သူ အပြစ်တင်ခဲ့ပါတယ်။

“ ကွင်းလယ်ခံစစ်မှာ ကစားတဲ့အခါ ဒီလိုပဲ ဖြစ်တတ်ကြပါတယ်။ ဒီနေ့မှာ ဟန်ဒို လုပ်ခဲ့တဲ့ စိန်ခေါ်မှုအရေအတွက်၊ ပြိုင်ဘက်နောက် သူလိုက်ခဲ့ရတဲ့ အခြေအနေတွေ ဘယ်နှခါလဲဆိုတာ ကျွန်တော် မသိဘူး။

ဒုတိယ အဝါကဒ်ကိုတော့ ကျွန်တော် သိပ်သဘောမကျဘူး။ ကျွန်တော်တို့ အဲ့ဒီ့အခြေအနေမှာ လူစားလဲချင်နေခဲ့တာပါ။ ဖာဘင်ညိုက အဆင်သင့် ဖြစ်နေခဲ့ပြီး အဲ့နောက်မှာ သူ အနီကဒ်ထိသွားတာပဲ ” လို့ ကလော့ပ်က ပြောခဲ့တယ်။

ဂျိမ်းစ်မီနာ VS ခရစ္စတယ်ပဲလေ့စ် – ဇန်နဝါရီ ၂၀၁၉

တောင်ပံမှာ ဇာဟာရဲ့ လှည့်ကွက်ထဲ နောက်တစ်ကြိမ် ခုန်ဆင်းခဲ့တဲ့ သားကောင်က မီလ်နာပဲ ထပ်ဖြစ်ခဲ့ပြီး ကလော့ပ်ကတော့ ဒါဟာ သူ့အသင်းရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်ကို ပြသခဲ့တာပဲလို့ ပြောဆိုခဲ့ပါတယ်။

“ တိုက်ပွဲဝင်မယ့် စစ်သည်လို စိတ်ဓာတ်တွေရှိနေတာကို ကျွန်တော် သဘောကျတယ်။ မီလ်နာ အဝတ်လဲခန်းထဲမှာ စိတ်ပျက်လက်ပျက်နဲ့ ထိုင်နေတာကို ခင်ဗျားတို့ မြင်သင့်တယ်။ အနီကဒ်ကြောင့်တင် မဟုတ်ဘဲ ဒူးခေါင်းက သွေးတွေ ထွက်နေတာပါ ” ဆိုတာကတော့ ကလော့ပ်ရဲ့ မှတ်ချက်ပါပဲ။

အယ်လစ်ဆန် VS ဘရိုက်တန် – နိုဝင်ဘာ ၂၀၁၉

ထရော့ဆက်ရဲ့ ကန်ချက်ကို တားဆီးဖို့ ဧရိယာအပြင်ဘက် ထွက်ပြီး ဘောလုံးရယူဖို့ ကြိုးစားခဲ့တဲ့ အယ်လစ်ဆန်ရဲ့ ကံဆိုးလှတဲ့ ဆုံးဖြတ်ချက်ဟာ တိုက်ရိုက်အနီကဒ် ပြသခံခဲ့ရပါတယ်။ သူ့အမှားဆိုပေမယ့် ကလော့ပ်က ပွဲအပြီးမှာ ဂိုးသမားဘက်က ကာကွယ်ပေးခဲ့တာပါ။

ရော်ဘတ်ဆန် VS စပါး – ဒီဇင်ဘာ ၂၀၂၁

ဘောလုံးလွတ်ထွက်သွားပြီးနောက် အီမာဆန် ရိုင်ရယ်ကို ကန်ခဲ့တဲ့ ရူးမိုက်တဲ့ အခိုက်အတန့်ကြောင့် VAR စစ်ဆေးပြီးနောက် ထုတ်ပယ်ခံလိုက်ရပါတယ်။ ဒါပေမယ့် တူညီတဲ့ပွဲမှာပဲ ရော်ဘတ်ဆန်ကို ကိန်းက ပြစ်ဒဏ်ကျူးလွန်ခဲ့တာကျတော့ အနီကဒ်မပြသခဲ့လို့ ကလော့ပ် ဒေါသထွက်ခဲ့ရပါတယ်။

ဒါဝင် နူးညက်စ် VS ခရစ္စတယ်ပဲလေ့စ် – ဩဂုတ် ၂၀၂၂

ပဲလေ့စ် နောက်ခံလူကို ခေါင်းနဲ့တိုက်ခဲ့တာကြောင့် နူညက်က စောဒကတက်ဖို့ ကြိုးစားခဲ့ပေမယ့် အနီကဒ်နဲ့ ထိုက်တန်ခဲ့ပါတယ်။ နူးညက်စ်အနေနဲ့ ပရီးမီးယားလိဂ် နောက်ခံလူတွေနဲ့ ရင်ဆိုင်ရာမှာ ပိုပြီးပါးနပ်ဖို့ လိုတယ်လို့ ကလော့ပ်က သတိပေးခဲ့ပါတယ်။