ဖေဘီယို ကာဗာရိုဟာ လီဗာပူးကို ရောက်လာပြီးနောက် သူရခဲ့တဲ့ ‘ဘရူနိုမားစ်’ ဆိုတဲ့ နာမည်ပြောင်ကို လက်မခံပေမယ့် ရာသီကြိုမှာ သူ့ရဲ့ မိတ်ဆက်သီချင်းကိုဆိုတော့ ဘရူနိုမားစ် သီချင်းကို ရွေးချယ်ခဲ့ပါတယ်။

ဖူလ်ဟမ်ကနေ ပေါင် ၇.၇ သန်းနဲ့ ပြောင်းလာတဲ့ ကာဗာရိုဟာ ဒီရာသီ အန်ဖီးရဲ့ ကစားသမားသစ် သုံးယောက်ထဲက တစ်ယောက်ဖြစ်ပြီး ဒါကြောင့်ပဲ အစဉ်အလာတွေအတိုင်း ဩစတြီးယားမှာတုန်းက အသင်းဖော်သစ်တွေနဲ့ ဝန်ထမ်းတွေရှေ့မှာ သီချင်းတစ်ပုဒ် ဆိုပြခဲ့ရပါတယ်။

“ ကျွန်တော် ဒီကိုရောက်လာတော့ အသင်းဖော်တွေပေးတဲ့ နာမည်ပြောင်က ဘရူနိုမားစ်တဲ့။ ကျွန်တော် ငြင်းခဲ့တာပေါ့။ ဒါပေမယ့် နည်းနည်း ဟာသဖြစ်သွားအောင်လို့ ဘရူနိုမားစ်ရဲ့ ‘The Lazy Song’ ကို ဆိုလိုက်တယ်။ အဆင်ပြေသွားတာပဲ ”လို့ ကာဗာရိုက ဆိုပါတယ်။

ကာဗာရိုဟာ လီဗာပူးအသင်းမှာ ပေါင်းသင်းဆက်ဆံရေး အကောင်းဆုံး သူတစ်ယောက် မဟုတ်နိုင်ပေမယ့် နွေရာသီအတွင်း ကွင်းပြင်ပမှာ အသင်းနဲ့ လိုက်လျောညီထွေ နေနိုင်ခဲ့တာက အထိုင်ကျဖို့ အကူအညီဖြစ်စေခဲ့တယ်လို့ ယုံကြည်နေပါတယ်။

“ ကစားသမားသစ်တွေအတွက် သီချင်းတွေနဲ့ ကြိုဆိုမိတ်ဆက်တာက ကျွန်တော်တို့ကို ပိုနီးစပ်သွားစေခဲ့တယ်။ အထူးသဖြင့် ကျွန်တော့်အတွက်ပေါ့။ ကျွန်တော် သီချင်းဆိုတော့ အသင်းဖော်တွေက ရယ်မောပြီး ပျော်ရွှင်ခဲ့ကြတယ်လေ။

အဲ့ဒီ့လိုကိစ္စတွေက အသင်းကို ပေါင်းစည်းစေတယ်။ ကျွန်တော်တို့နဲ့အတူ လာခဲ့တဲ့ လူငယ်ကစားသမားတွေကောပေါ့။ အဲ့ဒါက လူတိုင်းကို နီးစပ်သွားစေတာပါ” လို့ ကာဗာရိုက ပြောဆိုခဲ့ပါတယ်။

ကလော့ပ်ဟာ နံပါတ် ၂၈ ကစားသမားသစ်ကို ပွဲထွက်နေရာကနေ အခွင့်အရေး မပေးသေးပေမယ့် ကာဗာရိုဟာ ဒီရာသီ အမှတ်ပေးပွဲ သုံးပွဲလုံးမှာ လူစားဝင် ကစားသမားအဖြစ် ပါဝင်ကစားခွင့် ရခဲ့ပါတယ်။

ဒါဝင် အနီကဒ်နဲ့ ပွဲပယ်ခံရပြီးနောက် တနင်္လာနေ့ ယူနိုက်တက်နဲ့ပွဲမှာ နောက်ထပ် တိုက်စစ်ရွေးချယ်စရာ လိုအပ်တာနဲ့အတူ ကာဗာရိုအတွက် အခွင့်အရေး ရလာနိုင်ပါတယ်။ ဒါပေမယ့် ကမ္ဘာ့ဖလားကြောင့် အလုပ်ရှုပ်ဦးမယ့် ဒီရာသီမှာ ဘယ်နည်းနဲ့မဆို အခွင့်အရေးရမှာပဲလို့ ကာဗာရိုက ယုံကြည်နေတာပါ။

“ ပွဲတွေအများကြီး ကစားရမယ်၊ ကမ္ဘာ့ဖလားကြောင့် နားလိုက်၊ ကစားလိုက် လုပ်ရမှာဆိုတော့ ဘာဖြစ်မလဲဆိုတာ ကျွန်တော်တို့ စောင့်ကြည့်ရမှာပါ။ ကျွန်တော် လိုအပ်တဲ့အချိန်မှာ ကစားဖို့ အဆင်သင့် ဖြစ်နေဖို့ လိုတယ်၊ အမြင့်ဆုံးအဆင့်အတန်းမှာ စွမ်းဆောင်နိုင်ဖို့ လိုတယ်ဆိုတာ သိပါတယ်။

လူတိုင်းက သူတို့ရဲ့ အကောင်းဆုံးခြေစွမ်းကို ပြသဖို့ အဆင်သင့်ဖြစ်ဖို့ လိုတယ်။ လိုချင်တာတွေ အောင်မြင်စေဖို့ အမြင့်ဆုံး ခြေစွမ်းတွေကို ထုတ်ပြနိုင်ရမယ်။ ဒါကြောင့် လူတိုင်းက ပြင်ဆင်ထားပြီး အဆင်သင့် ဖြစ်နေရမှာပါ ”လို့ ကာဗာရိုက ပြောခဲ့တာ ဖြစ်ပါတယ်။