မန်ယူက တိုက်စစ်မှူး လူကာကူကို ရောင်းထုတ်ပြီးခဲ့ပါက ပြန်လည် အစားထိုးသွားဖို့ ဖရန့်ဖတ်အသင်းရဲ့ တိုက်စစ်မှူး ဆီဘတ်စတီယန် ဟယ်လာကို ပစ်မှတ်ထားနေတယ်လို့ သတင်းတွေ ထွက်လာပါတယ်။

ဆိုးလ်ရှားရဲ့ ပစ်မှတ် ကစားသမား အတွက်တော့ ပရိသတ်တွေက အံ့အားသင့်ခဲ့ရပြီး ဟယ်လာက မထင်မရှား ကစားသမားအဖြစ်နဲ့သာ ရှိနေသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘွန်ဒက်လီဂါပြိုင်ပွဲမှာတော့ ဟယ်လာက ခြေစွမ်းပြကစားခဲ့ပြီး ပြီးခဲ့တဲ့ရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံသွင်းဂိုး (၁၉)ဂိုးအထိ သွင်းယူပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။

ဟယ်လာက ပြင်သစ်လူငယ်အသင်းတွေရဲ့ သက်တမ်းအလိုက်ပြိုင်ပွဲတွေမှာ ပါဝင်ကစားဖူးသူဖြစ်ပြီး လက်ရွေးစင် အသင်းကြီးအတွက်တော့ တစ်ကြိမ်မှ ရွေးချယ်ခြင်း မခံရသေးဘူးလို့လည်း သိရပါတယ်။ မန်ယူ တိုက်စစ်မှူး လူကာကူကို အင်တာမီလန်နည်းပြသစ် ကွန်တီက စိတ်ဝင်စားနေပြီး ခေါ်ယူဖို့ ကြိုးပမ်းမှုတွေ ပြုလုပ်နေပါတယ်။

လူကာကူအတွက် မန်ချက်စတာ ယူနိုက်တက်ဘက်က ပေါင်သန်း (၈၀)ခန့် အလိုရှိနေပြီး အင်တာမီလန်အတွက် အဆိုပါပြောင်းရွှေ့ကြေးက အနည်းငယ် အတားအဆီး ဖြစ်နေကာ နှစ်ဖက်အသင်းကြား ပြောင်းရွှေ့ကြေးညှိနှိုင်းနေတယ်လို့ ယူဆရပါတယ်။

မန်ယူပစ်မှတ် ဟယ်လာက ဖရန့်ဖတ်တိုက်စစ်မှာ လူကာဂျိုဗစ်နဲ့ တွဲဖက်ကစားကာ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ လူကာဂျိုဗစ်က ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့သွားပြီဖြစ်တာမို့ ဟယ်လာက လာမယ့်ရာသီမှာ ဖရန့်ဖတ် အဓိကတိုက်စစ်မှူးအဖြစ် ကစားပေးရဖွယ် ရှိနေလို့ ဆိုးလ်ရှားအနေနဲ့ ခက်ခက်ခဲခဲတော့ ကြိုးပမ်းခေါ်ယူရဖွယ် ရှိပါတယ်။

ဟယ်လာက အသက် (၂၄)နှစ်အရွယ်ရှိပြီး အရပ်အမြင့် (၆)ပေ (၃)လက်မရှိလို့ တိုက်စစ်မှူးတစ်ဦးမှာ ရှိသင့်ရှိထိုက်တဲ့ အရပ်အမောင်းကို ပိုင်ဆိုင်ထားပြီး ဆိုးလ်ရှားက သူ့ရဲ့ နည်းစနစ်ပိုင်းမှာ အံ့ဝင်နိုင်မယ်လို့ ယုံကြည်နေတာလည်း ဖြစ်ပါတယ်။

လက်ရှိမှာ မန်ယူက ကစားသမားတစ်ဦးကိုမှ အပြီးသတ် ခေါ်ယူနိုင်ခြင်းမရှိသေးပဲ မက်ဒီဆန်၊ ဘီဆာကာ၊ ဒန်နီရယ်ဂျိမ်းစ်၊ မူနီယာအစရှိတဲ့ ကစားသမားတွေနဲ့ သတင်းတွေ ဆက်တိုက် ထွက်ပေါ်နေပါတယ်။