မန်ချက်စတာယူနိုက်တက် အဲဗာတန်မှ အသက်(၂၂)နှစ်အရွယ် ဘရာဇီသား တိုက်စစ်မှူး ရစ်ချာလီဆန်ကို ဘာစီလိုနာအသင်းနဲ့ အပြိုင် ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်း သတင်းထွက်နေပါတယ်။

ရစ်ချာလီဆန်ဟာပြီးခဲ့တဲ့ နွေရာသီကမှ ဝက်ဖို့ဒ်ကနေ ပေါင်သန်း(၅၀)နဲ့ ပြောင်းရွှေ့လာခဲ့ပြီးနောက် လက်ရှိရာသီမှာ အဲဗာတန်အတွက် ပရီးမီးယားလိဂ်မှာ သွင်းဂိုး(၁၃)ဂိုးနဲ့ ဂိုးဖန်တီးမှု(၁)ကြိမ်ရရှိအောင် စွမ်းဆောင်ပြထားသူပါ။

သတင်းတွေ အရ အသင်းသစ် တစ်သင်း ပြန်လည်တည်ဆောက်ဖို့ ရည်ရွယ်ထားတဲ့ ဆိုးလ်ရှားဟာ ရစ်ချာလီဆန်ကို ၄င်းရဲ့ပစ်မှတ်ထဲမှာ ထည့်ထားလိုက်ပြီလို့ သိရပါတယ်။ မန်ယူက ဒီနွေမှာ ကစားသမားသစ်ခေါ်ယူဖို့ အတွက် ဆိုးလ်ရှားကို ပေါင်သန်း(၂၀၀) ထုတ်ပေးသွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။

အဲဗာတန်နည်းပြ မာကိုဆေးလ်ဗားကတော့ အသင်း ကြယ်ပွင့်ကစားသမားကိုထိန်းသိမ်းသွားလိုတာကြောင့် ပေါင်သန်း(၁၀၀) တန်ကြေး သတ်မှတ် ထားတယ်လို့ သိရပါတယ်။ ရစ်ချာလီဆန် အနေနဲ့ကတော့ ဘာစီလိုနာ၊ ယူနိုက်တက်တို့နဲ့ ထွက်ပေါ်လာတဲ့ အပြောင်းအရွှေ့ သတင်းတွေ နဲ့ ပတ်သက်ပြီး FourFourTwo သတင်းဌာနကနေ တုန့်ပြန်မှု ပြုလုပ်သွားပါတယ်။

“ကျွန်တော် အလုပ် ကောင်းကောင်းလုပ်ခဲ့လို့ ချီးကျူးမှုတွေ ခံရတာဝမ်းသာစရာပါ၊ ဒါပေမယ့် ကျွန်တော်လက်ရှိအချိန်မှာ အပြောင်းအရွှေ့လုပ်ဖို့ မစဉ်းစားသေးပါဘူး။ ကျွန်တော် အခုမှ အဲဗာတန်ကို ရောက်စပဲရှိပါသေးတယ်၊ ကျွန်တော်ဒီမှာ ပျော်ရွှင်နေပါတယ်” လို့ ဖွင့်ဟသွားခဲ့ပါတယ်။

ရစ်ချာလီဆန်ဟာ ပြီးခဲ့တဲ့ ဧပြီလမှာတုန်းက ဂွတ်ဒီဆင်ပါ့ခ်မှာ ယူနိုက်တက်ကို (၄-၀)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာတုန်းကလည်း ဂိုးသွင်းယူနိုင်ခဲ့တဲ့ အတွက် ဆိုးလ်ရှားအနေနဲ့ အဆိုပါဘရာဇီးသားလေးရဲ့ စွမ်းဆောင်ရည်တွေကို ကောင်းကောင်း သတိပြုမိခဲ့တယ်လို့ သိရပါတယ်။

ဆိုးလ်ရှားဟာ မန်ယူ လက်ရှိတိုက်စစ်မှူး လူကာကူကို အင်တာမီလန်ဆီ ရောင်းချသွားဖို့ ရှိနေတာကြောင့် တိုက်စစ်မှာ စွယ်စုံရတဲ့ ကစားသမား တစ်ဦးနဲ့ အစားထိုးလိုနေတယ်လို့ သိရပါတယ်။ ရစ်ချာလီဆန် အပြင် ဖရန့်ဖတ်က တိုက်စစ်မှူး ဟယ်လာကိုလည်း စိတ်ဝင်စားမှု ရှိနေတာကြောင့် အပြီးသတ် ဘယ်သူ့ကို ခေါ်ယူနိုင်မယ် ခန့်မှန်းရ ခက်ပါသေးတယ်။